《First Frost (Myanmar Translation)》Chapter 5
Advertisement
ဝိန်းရိဖန်၏မှတ်ဥာဏ်များထဲတွင် ထိုပုံရိပ်များက ဝိုးတိုးဝါးတားရှိနေဆဲ။
ထိုအချိန်ခါက သူမ၏နာမည်အား ပြောပြလိုက်ပြီးသည့်နောက်တွင် စန်းရန်ထံမှ 'အော်' ဆိုသည့်အာမေဍိတ်သံတစ်ခုသာ ရလိုက်ပြီး မည်သည့်မှတ်ချက်မျိုးမှ မပြုပါပေ။
ယခုပြန်တွေးကြည့်မိသည့်အချိန်တွင်မှ ထိုအချိန်တုန်းက တစ်ဖက်လူဆီမှ သူမကြိုတင်မျှော်လင့်ထားသည့်စကားများမှာ ဥပမာ - မင်းနာမည်က ဘယ်လောက်တောင်များ ယောက်ျားဆန်နေလို့လဲဆိုတာကို ငါနားထောင်ကြည့်ပါဦးမယ် ၊ ထပ်၍ - ဝိန်းရိဖန်? အမ့် မထူးမခြားနားပါပဲ။
ထိုခနဲ့တဲ့တဲ့ဖြင့် ထိန်းချုပ်မရဘဲ ပေစောင်းစောင်းလုပ်ပြတတ်သည့်အမူအရာက အထက်တန်းကျောင်းအရွယ်ကတည်းကနေ အခုချိန်ထိ တူတူဖြစ်နေဆဲပါပင်။
စိတ်ကြိုက်ပျော်ပါး၍မရတော့သည့် ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်လာခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သလို ဒါမှမဟုတ် သူတို့နှစ်ဦး မတွေ့ဖြစ်ကြသည်မှာလည်း နှစ်များစွာကြာခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ကာ နှစ်ယောက်သားက မရင်းနှီးကြသည့်အခြေအနေမျိုးဖြစ်နေပြီး အရင်ကနှင့်ယှဥ်လျှင် စန်းရန်က သူ၏ခံစားချက်များအားလုံးကို ဖုံးကွယ်ပစ်ထားပုံရသည်။
မြေအောက်ရထားဂိတ်သို့ အရောက်တွင်။
ဝိန်းရိဖန်က လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်ရင်း တစ်ဖက်က မြေအောက်ရထားအသုံးပြုကဒ်အား စခရင်ထက်တွင် ကဒ်ဖတ်လိုက်၏။ Wechat ထဲမှ ကျုံးစစ်ချောင်၏စာများကိုလည်း အလျင်းသင့်သလို ပြန်ဖြေလိုက်ပြီးနောက်တွင် ရုတ်တရက် သူမ၏ Wechat ထဲတွင် စန်းရန်ဆိုသည့်အမည်ဖြင့် အကောင့်တစ်ခုရှိကြောင်းကို သတိရမိလိုက်သည်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း Wechat အသုံးပြုလာသည့်သူများ များလာသည့်အလျောက် ဝိန်းရိဖန်သည်လည်း အကောင့်အား ထပ်၍စာရင်းသွင်းပြုလုပ်ထားရသေးသည်။ထိုအချိန်တုန်းက Contact များကိုအလိုအလျောက်ဖြည့်ပေးသည့်စနစ်အား ရွေးချယ်လိုက်ရာ သူမ၏လက်ကိုင်ဖုန်းထဲတွင် စန်းရန်၏နံပါတ်လည်းရှိနေခဲ့သဖြင့် သူ့ထံကိုပါ Friend request ပို့ပြီးသားဖြစ်သွားခဲ့သည်။
တစ်ဖက်လူကလည်း မမှတ်မိဘဲ လက်ခံလိုက်ပုံရပါသည်။
နှစ်ယောက်သား အကောင့် add ပြီးသည်မှစ ယခုချိန်ထိ စကားတစ်ခွန်းမဆိုကြရသေး။
သို့သော်လည်း ဤအကောင့်ဖြင့် သွား add လိုက်သည့်အချိန်တုန်းက စန်းရန်က အကောင့်ပိုင်ရှင်မှာ သူမဖြစ်နေမှန်း သိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူမက ယီဟဲမြို့ ဖုန်းနံပါတ်ကို ပြောင်းနှင့်ပြီးဖြစ်သောကြောင့်ပင်။
ထိုအကြောင်းအရာကိုတွေးလိုက်မိသည့်အခါတွင်တော့ ဝိန်းရိဖန်က Contact ကိုဖွင့်လိုက်ပြီး 'S' စာလုံးကော်လံထဲ ဝင်ကာ စန်းရန်၏အမည်ကိုရှာယူလိုက်၏။ စန်းရန်၏ Profile ကို ဖိလိုက်ပြီးနောက် ရင်းနှီးသောသူငယ်ချင်းမိတ်ဆွေ(Mutual Friends)မရှိသည်ကို မြင်လိုက်ရပြီးချိန်တွင်တော့ ချက်ချင်းပြန်ထွက်လာလိုက်သည်။
Mutual Friend တစ်ယောက်မျှပင် မရှိပါချေ။
သူမအား Blocked ထားခြင်းကြောင့်လား ဒါမှမဟုတ် သူမကို ဟိုးအရင်ကတည်းက Deleted လုပ်ထားခြင်းကြောင့်လား။
သို့တည်းမဟုတ် သူမ add ထားသည့် ထိုအကောင့်ပိုင်ရှင်က အစကတည်းက စန်းရန် ဟုတ်မနေခဲ့ခြင်းကြောင့်လား။
တစ်ဖက်လူက ဖုန်းနံပါတ် ပြောင်းကောင်းပြောင်းနှင့်နေလောက်ပြီလည်း ဖြစ်နိုင်သေး၏။
ဝိန်းရိဖန်က Deleted လုပ်ပစ်မည့်နေရာနားတွင် တစ်ခဏမျှတွေဝေနေပြီးနောက်တွင်တော့ ဒီအတိုင်း ထွက်လိုက်ဖို့သာ ရွေးချယ်လိုက်သည်။
ဘယ်လိုပင်ဖြစ်စေ မသေချာမရေရာအခြေအနေမျိုး၌ဖြစ်သလို သူမထံ၌လည်း တစ်ပါးသူအား Deleted လုပ်ပစ်တတ်သည့်အကျင့်မျိုး မရှိပါချေ။
သူ့အား ထိုနေရာ၌သာ အသံမထွက်ဘဲ ငြိမ်ငြိမ်လေး ထားထားပြီး အရာအားလုံးကို ဘာမှမဖြစ်သွားခဲ့သလိုကျော်ဖြတ်လိုက်ရုံသာ။
အိမ်ပြန်ရောက်ပြီးတွင်။
ဝိန်းရိဖန် ပထမဆုံးလုပ်သည့်အရာက အိမ်ခန်းပိုင်ရှင်ကိုဆက်သွယ်ပြီး စာချုပ်ကိုဖျက်ချင်သည့်အကြောင်းအား ပြောလိုက်ခြင်းဖြစ်သည်။
အိမ်ခန်းပိုင်ရှင်က အတော်လေးကိုသဘောထားကောင်းမွန်ပြီး သူမထံမှလည်း ဤကိစ္စအကြောင်းကို မကြာခဏကြားထားရသည့်အတွက် မိန်းမငယ်လေးတစ်ယောက်တည်း အပြင်တွင်နေထိုင်ရသည့်အပေါ် ကရုဏာသက်မိကာ အမြန်ဆုံးသဘောတူလက်ခံလိုက်၏။ထို့အပြင် သူမဘက်က ယခုချက်ချင်း ရွေ့ပြောင်းလျှင်တောင် စရံငွေနှင့် ကြိုရှင်းထားသည့်အခန်းခများကိုပါ ပြန်အမ်းပေးမည့်အကြောင်းပါ ဆိုလာခဲ့သည်။
ဝိန်းရိဖန်က ဝမ်းပမ်းတသာဖြင့်ပင် ကျေးဇူးတင်စကားဆိုလိုက်၏။
ဤပြဿနာအား ဖြေရှင်းပြီးနောက်တွင် သူမက ကွန်ပျူတာကိုဖွင့်ပြီး အိမ်ငှားရမ်းသည့် websiteများထဲ ဝင်ရောက်မွှေနှောက်ပါတော့၏။
တစ်လျှောက်လုံးကြည့်လာပါသည့်တိုင် သင့်တော်ပြီးအဆင်ပြေမည့်အိမ်ခန်းမျိုး ရှာမတွေ့သေး။
အမှန်တကယ်တွင်လည်းး နန်းဝူမြို့တွင် အိမ်ခန်းငှားရှာရသည်မှာ မလွယ်ကူလှချေ။
ပထမဦးစားပေးထားသည့်အချက်မှာ အိပ်ခန်းနှင့်ဧည့်ခန်းတစ်ခန်းရှိရမည့်အပြင် ပရိဘောဂအစုံအလင်ပါပြီး 'ရှန့်အန်း'ရပ်ကွက်နှင့်နီးကာ လုံခြုံရေးကောင်းမွန်ရမည်။ဝိန်းရိဖန်၏သတ်မှတ်စံနှုန်းများနှင့်ပြည့်စုံသည့် အိမ်ခန်းများမှာ စျေးအနိမ့်ဆုံးငှားရမ်းခပင် တစ်လလျှင် ယွမ် ၃၀၀၀ မှ ၄၀၀၀ ကြားရှိနေ၏။
ထိုပမာဏက သူမ၏လက်ရှိဝင်ငွေနှင့်ဆိုလျှင် သေချာပေါက်ခက်ခဲသည့်ပမာဏဖြစ်သည်။
ဝိန်းရိဖန် စတင်ခေါင်းခဲလာရတော့ကာ ကျုံးစစ်ချောင်အား အရိုးသားဆုံးဖွင့်ပြောလိုက်တော့၏။
[ချောင်ချောင်..ငါ အိမ်ပြောင်းမလို့]
ဝိန်းရိဖန် ; [နင် အားတဲ့အချိန်ကျရင် နင့်သူငယ်ချင်းတွေထဲမှာ သင့်တော်မယ့်အခန်းငှားလေးများရှိမရှိ မေးကြည့်ပေးဦး]
ချက်ချင်းဆိုသလို ကျုံးစစ်ချောင်က ဖုန်းခေါ်ဆိုလာခဲ့၏။
ကျုံးစစ်ချောင်က တစ်စုံတစ်ရာမူမမှန်သိနေသဖြင့် လိုရင်းကိုသာ တန်းပြီးစကားဆိုလိုက်၏။
"ဘာဖြစ်လို့လဲ..ဘယ်လိုဖြစ်လို့ ရုတ်တရက်အိမ်ပြောင်းချင်ရတာလဲ..နင် အခန်းခကို သုံးလစာတောင် ပေးထားတာမဟုတ်ဘူးလား"
"အိမ်နီးချင်းက ကရိကပါးလုပ်နေလို့"
ဝိန်းရိဖန်က တစ်နေ့တာဖြစ်ပျက်ခဲ့သည့်ကိစ္စများကို အသေအချာပြန်ရှင်းပြလိုက်၏။
"ဒီနေ့မနက်ပဲ ငါ ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်လို့ အဲ့လူနဲ့အတူ ရဲစခန်းရောက်ခဲ့ပြီးပြီ..အခုလောလောဆယ်တော့ သူ ငါးရက်အချုပ်ကျနေတယ်..ငါ ကြောက်တာက ပြန်လွတ်လာပြီးရင် ငါ့ကို ပြန်လက်စားချေမှာစိုးလို့..အဲ့ဒါကြောင့် စောစောပြောင်းထားရင် ပိုကောင်းမလားလို့"
"...."
ကျုံးစစ်ချောင်က ငြိမ်၍နားထောင်နေခဲ့ပြီးမှ
"နင် ဘာဖြစ်သွားသေးလဲ..အဆင်ပြေတယ်မလား..ဒီကိစ္စကို နင် ဘာလို့ ငါ့ကိုမပြောပြခဲ့တာလဲ"
"ကြီးကြီးမားမားမှမဟုတ်တာ..အဲ့လူက အရင်ကလည်း အရမ်းအလွန်အကျွံလုပ်ရပ်မျိုးတွေ လုပ်ခဲ့တာမှမဟုတ်တာ..တံခါးခေါက်ရုံပဲ..ရဲစခန်းကိုရောက်တဲ့အချိန်က မနက် ၃နာရီ ၄နာရီဆိုပေမယ့် အဲ့မှာ ရဲအရာရှိတွေရှိတယ်..လုံခြုံတယ်လေ..နင့်ကို မဖြစ်မနေ ပြေးလာခိုင်းစရာမှမလိုဘဲ"
ဝိန်းရိဖန်က ဆက်၍
Advertisement
"နင်က အဝေးကြီးကနေလာရမှာလေ..ပြီးတော့ ညသန်းခေါင်အချိန်ကြီးကို"
"တောင်းပန်ပါတယ်နော်"
ကျုံးစစ်ချောင်က စိတ်မသက်မသာဖြစ်သွားခဲ့ရ၍
"အိမ်ခန်းက တော်တော်လေးအဆင်ပြေမယ်လို့ ငါထင်ထားမိတာ..နင့် အလုပ်ဌာနနဲ့လည်း နီးတယ်ဆိုပြီး..."
"နင်က ဘာလို့တောင်းပန်နေရတာလဲ..နင်သာ ငါ့ကို ကူညီပြီး နေစရာအိမ်ခန်းမရှာပေးခဲ့ရင် ငါ လမ်းပေါ်မှာ အိပ်နေရလောက်မှာ"
ဝိန်းရိဖန် အသံထွက်အောင် ရယ်လိုက်ရင်း
"ပြီးတော့ အိမ်ခန်းက အတော်လေးကို အဆင်ပြေပါတယ်..အဲ့ဒီလို အိမ်နီးချင်းမျိုးသာမရှိရင် ငါ ရေရှည်တောင် ငှားဖို့စဥ်းစားထားတာ"
"အိုင်း..ဒါဆို နင် ဘယ်လိုလုပ်မယ်လို့စီစဥ်ထားလဲ..ဒါမှမဟုတ် ဒီအချိန်အတောအတွင်း ငါ့အိမ်မှာ အရင်ဆုံးလာနေထားမလား"
"ရပါတယ်..နင့်ယောင်းမက ဒုတိယမြောက်ကလေးမွေးထားတာ မကြာသေးဘူးမလား..ငါ လာနေနေရင် သူတို့ သက်တောင့်သက်သာမရှိမှာကို စိတ်ပူတယ်..ပြီးတော့ သူတို့ကို အလုပ်ရှုပ်အောင်လုပ်မိနေမှာကိုလည်း စိုးရိမ်တယ်..တကယ်ကို အဆင်ပြေပါသေးတယ်..ငါ နေရာတစ်ခုရှာပြီး ပြောင်းလိုက်ရင်ရပြီ"
ကျုံးစစ်ချောင်၏ မိသားစုဝင်များမှာ မနည်းလှ ၊ လက်ထပ်ထားသည့်အစ်ကိုအကြီးဆုံးအပြင် အထက်တန်းကျောင်းတက်နေသည့်ညီမလေးအပါအဝင် မိသားစုဝင်အားလုံးက မိဘများနှင့်တစ်အိမ်တည်း၌သာ နေထိုင်ကြသည်။ပုံမှန်ဆိုလျှင် ကျုံးစစ်ချောင် အလုပ်မှပြန်လာပြီးချိန်တိုင်း ညီမလေးနှင့် တူလေးတူမလေးများကို ထိန်းပေးနေရသေးသည်။
ကိုယ့်မိသားစု၏အခြေအနေကို နားလည်မိသည့် ကျုံးစစ်ချောင်က ထပ်၍ မဆိုလာပါတော့ပေ။
"ဒါဆို နင့်အမေဆီရော"
"ငါ နန်းဝူကို ပြန်ရောက်နေတဲ့အကြောင်း ငါ့အမေကို မပြောပြထားဘူး"
"အာ..ဘာလို့လဲ"
"အလုပ်အရမ်းများနေလို့..အချိန်ရမှပဲ ပြောတော့မယ်"
ဝိန်းရိဖန်က စကားလမ်းကြောင်းလွှဲလိုက်ရင်း ရေးရေးလေးရယ်မောလိုက်၍
"တွေးကြည့်နေရင်းနဲ့ ရုတ်တရက် နောင်တရလာသလားလို့..ဒီနေ့ ငါ အဲ့အိမ်နီးချင်းလူရဲ့ ခြေထောက်တွေက ရေပုံးတစ်ပုံးစာနီးနီး တော်တော်ကြီးကိုတုတ်တာကို တွေ့လိုက်ရသေးတယ်..ဓါးနဲ့ဖြတ်မယ်ဆိုရင်တောင် နာရီဝက်လောက် အချိန်ယူရမယ်ထင်တယ်"
"..."
ကျုံးစစ်ချောင် မနေနိုင်နောင် စကားစ၍
"ဘယ်လိုဖြစ်လို့ စကားကို အရမ်းကြောက်စရာကောင်းအောင် ပြောနေရတာလဲ"
"အဲ့တော့ ငါက ကြောက်စရာကောင်းသွားပြီမလား"
ဝိန်းရိဖန်က ဖြေးဖြေးချင်းဖြင့်
"တကယ်လို့ အဲ့လူကသာ အငြိုးထားပြီး ငါ့ကို လက်တုန့်ပြန်လာရင်..ပြောမရမယ့်အဆုံး ဖြစ်သွားနိုင်တဲ့ကိစ္စက...."
"ဘာလဲ"
"ငါ လျှပ်စစ်လွှနဲ့ ဖြတ်ပစ်လိုက်မယ်ဆိုရင် သူ့ဟာကြီးက ပြတ်မယ်ဆိုတာ မသေချာဘူး"
"...."
ဖုန်းချပစ်လိုက်၏။
ဝိန်းရိဖန်က အခြားအိမ်ခန်းငှားရမ်းမည့် website တစ်ခုထဲသို့ဝင်ကာ ထပ်၍မွှေနှောက်ကြည့်လိုက်၏။အချိန်အတော်ကြာအောင် ရှာပြီးသည်အထိ သင့်တော်မည့်အခြေအနေမျိုးကို ရှာမတွေ့သေး။ထို့ကြောင့် ကွန်ပျူတာကို ပိတ်ပြီး ရေချိုးရန်သာပြင်လိုက်၏။
အိမ်ပြောင်းသည့်ကိစ္စမျိုးက လော၍ရသည့်ကိစ္စမျိုးမဟုတ်။ခွန်အားနှင့်အချိန်ကို ဖြုန်းတီးရာသက်သက်ပင်။
ငါးရက်အတွင်း အိမ်ခန်းအသစ်ကို ရှာမတွေ့ခဲ့လျှင်တောင် ဝိန်းရိဖန်က နည်းလမ်းတစ်ခု ၊ အဖြေတစ်ခုရလာမည့်အချိန်ထိ စောင့်နေဦးမည်ဖြစ်သည်။
မနက်ဖြန်သည်ကား 13ခုနှစ်၏ နောက်ဆုံးရက် ဖြစ်၏။
နန်းဝူမြို့တော်စည်ပင်သာယာရေးအစိုးရ နှင့် နန်းဝူမြို့ ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနတို့မှ ပူးပေါင်းစီစဥ်ထားသည့် နှစ်သစ်ကူးမီးရှူးမီးပန်းပွဲတော်အား 'ဟွိုက်ဇူ' အပန်းဖြေရှုခင်းဧရိယာ နှင့် 'တုန်းကျို' ရင်ပြင် ဟူပြီး နေရာနှစ်နေရာခွဲကာ ကျင်းပသွားမည်ဖြစ်သည်။ လက်မှတ်များက အခမဲ့ဖြစ်သော်ငြား အွန်လိုင်းပလက်ဖောင်းပေါ်မှတဆင့် ကြိုတင်စာရင်းသွင်းရန်တော့ လိုအပ်ပါသေးသည်။
စာရင်းသွင်းထားသည့်မြို့သူမြို့သားများကသာ ကံစမ်းမဲအစီအစဥ်များအတွက် အကြုံးဝင်မည်လည်းဖြစ်သည်။
ကျုံးစစ်ချောင်က စောစောလျှင်လျှင် စာရင်းသွင်းထားပြီး 'ဟွိုက်ဇူ' အပန်းဖြေရှုခင်းဧရိယာအား ဦးစားပေးရွေးချယ်ထားသည်။ ဝိန်းရိဖန်သည်လည်း သူမ၏ရပိုင်ခွင့်ကို မဖြုန်းတီးပါပေ။
ပွဲမစမီ နှစ်ပတ်အလိုကတည်းက အလုပ်ဌာနမှ ဝိန်းရိဖန်အား တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် အချိန်ပိုဆင်းထားပြီးဖြစ်ကာ မတူညီသည်က ကျုံးစစ်ချောင်ရှိမည့်နေရာသို့ သွားရမည်မဟုတ်ဘဲ 'တုန်းကျို' ရင်ပြင်၌ အလုပ်တာဝန်ကျထားလေသည်။
ဝိန်းရိဖန်က ဌာနမှ အင်တာဗျူးလုပ်လျှင်အသုံးပြုနေကျကားဖြင့်သာ ထွက်လာခဲ့လိုက်သည်။
လူတစ်စုက အချိန်မီကြိုတင်ပြင်ဆင်ရန် ထွက်လာကြပြီး ကားမောင်းသည့်သူက သူမ၏ဆရာ 'ချန်ဝေ့ဟွာ' ဖြစ်သည်။သူတို့နှစ်ဦးအပြင် နောက်ထပ် 'ဖုကျွမ့်' နှင့် ဝါရင့်သတင်းထောက်တစ်ဦး 'ကျန့်ယွီ' တို့လည်း ပါလာခဲ့သည်။
သတ်မှတ်နေရာသို့ ရောက်လာသည့်အချိန်မှာ မီးရှုးမီးပန်းပွဲတော်ကျင်းပမည့်အချိန်ထက် များစွာစောနေခဲ့သေးသည်။
ရင်ပြင်ပတ်ပတ်လည်တွင် A B C ဟူ၍ ဝင်ပေါက်သုံးခုနှင့်ထွက်ပေါက်သုံးခုခွဲခြားထားပြီး ရှုခင်းကြည့်ရှုနိုင်မည့်ဧရိယာရင်ပြင်ကိုလည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားခြင်းမရှိပါပေ။ရင်ပြင်ထက်တွင် ရောက်နှင့်နေကြသည့်လူများမှာလည်း မနည်းလှကာ ဝင်ပေါက်များတွင် ဝင်ခွင့်လတ်မှတ်နှင့်မှတ်ပုံတင်ကဒ်ပြားများကိုလည်း အချိန်နှင့်တပြေးညီ စစ်ဆေးနေကြ၏။သူတို့အားလုံး တစ်ယောက်ပြီးမှတစ်ယောက် အစစ်ဆေးခံပြီးဝင်လာခဲ့လိုက်သည်။
သူတို့၏အုပ်စုမှာ ဌာနမှခွဲပေးထားသည့် အုပ်စုငယ်လေးတစ်ခုသာဖြစ်ပြီး တာဝန်ကျသည့်နေရာမှာ ရင်ပြင်ဧရိယာ A တွင်ဖြစ်သည်။သူတို့အုပ်စုအပြင် အခြားသောရုပ်မြင်သံကြားဌာနများ သတင်းစာတိုက်များ နှင့် တီဗွီချန်နယ်ပေါင်းများစွာမှ တင်ဆက်သူများလည်း ရှိနေခဲ့သည်။
အဆင်ပြေမည့်ကင်မရာရှုထောင့်ကို ရှာပြီးနောက်တွင် ချန်ဝေ့ဟွာက ပစ္စည်းကိရိယာများကို စတင်တပ်ဆင်တော့၏။ဤပွဲမှာ အတော်လေးကြီးကြီးမားမားလုပ်ထားသည့်ပွဲဖြစ်ပြီး ရင်ပြင်ထက်တွင် လာရောက်လည်ပတ်သူများမှာလည်း မနည်းလှ ၊ ပုံသေ သတ်မှတ်ထားသည့်ခုံနေရာမျိုးမဟုတ်ဘဲ အလုပ်အကိုင်မရွေး အသက်အရွယ်မရွေး လူတန်းစားမရွေးဘဲ လာရောက်နိုင်သည့်နေရာမျိုး ဖြစ်သည်။
ကင်မရာတပ်ဆင်ထားခြင်းကြောင့်လည်းဖြစ်နိုင်ကာ လူအများက ပတ်ပတ်လည်တွင် တီးတိုးပြောနေကြသည့်အမူအရာများဖြင့်ဝိုင်းအုံလာခဲ့ကြသည်။
ရင်ပြင်ပေါ်မှ လှမ်းကြည့်လျှင် မြစ်ကမ်း၏ရေ ၊ ညအလှတို့အပြင် အတန်းလိုက်ရှိနေပြီး နိမ့်ချည်မြင့်ချည်သာကွာခြားသည့် အထပ်မြင့်အဆောက်အဦးကြီးများ၏မီးရောင်စုံ အလှတရားတို့ကို တွေ့မြင်ရမည်ဖြစ်သည်။မြစ်ကမ်းလေညှင်းက အပူချိန်နိမ့်နိမ့်အောက်မှနေပြီး စိုစွတ်နေသည့်ဓါတ်တို့ဖြင့် မျက်နှာအား အသားကုန်ရိုက်ခတ်လာသည့်အခါတိုင်း၌ အရိုးထဲထိစိမ့်အောင် ခိုက်ခိုက်တုန်သွားပါလေရော့၏။
ဝိန်းရိဖန်မှာ နန်းဝူမြို့၏ စိုစွတ်အေးစိမ့်နေသည့်ရာသီဥတုဖြင့် အသားမကျနိုင်သေး ၊ ထို့အပြင် လစဥ်ဓမ္မတာက ယနေ့တွင်မှ စဖြစ်နေခြင်းဖြစ်ရာ ခန္ဓာကိုယ်က တော်တော်လေးမသက်မသာဖြစ်လာရတော့သည်။
Advertisement
အိတ်အတွင်းမှ မျက်နှာဖုံးMask ကိိုထုတ်ပြီး တပ်ထားလိုက်ကာ တစ်ခဏမျှ ခပ်ငြိမ်ငြိမ်လေးရပ်နေလိုက်၏။
ဝိန်းရိဖန်က အချိန်ကိုလှမ်းကြည့်ပြီးနောက် အချိန်ပိုရှိနေသေးသည့်အတွက် သန့်စင်ခန်းသွားရန် ပြင်လိုက်၏။ ချန်ဝေ့ဟွာနှင့် ကျန့်ယွီက စတူဒီယိုပစ္စည်းများဖြင့် အလုပ်ရှုပ်နေဆဲ ၊ အနှောက်အယှက်မပြုလိုသဖြင့်လည်း ဖုကျိမ့်ကိုသာ တိုက်ရိုက်အသိပေးခဲ့လိုက်သည်။
လမ်းပြဆိုင်းဘုတ်များအတိုင်း မီတာ ၁၀၀ နီးပါးလျှောက်လာခဲ့ပြီးချိန်တွင်တော့ အများသုံးသန့်စင်ခန်းအား တွေ့လိုက်ရသည်။ဘေးနားတွင် အလှဆင်ထားသည့် လေသာဆောင်ငယ်လေးတစ်ခုပါရှိပြီး ထိုနေရာ၌ အနားယူကြသူများ ထိုင်နေကြသူများ စောင့်နေကြသူများအပြည့်။
သန့်စင်ခန်းက သိပ်မကျယ်သည့်အတွက် အမျိုးသမီးများဘက်ရှိ တန်းစီစောင့်နေကြသည့်လူတန်းကြီးမှာ တံခါးအပြင်ဘက် ငါးမီတာခန့်ပင် ရှိနေလေပြီ။
သို့သော် အမျိုးသားသုံးသန့်စင်ခန်း၏တံခါးဝတွင်တော့ လူတစ်ယောက်မှမရှိချေ။
နှစ်ဖက်၏အခြေအနေမှာ လုံးဝဆန့်ကျင်ဘက်။
ဝိန်းရိဖန်သည်လည်း လူတန်းကြီး၏နောက်မှနေ၍ တန်းစီလိုက်၏။
ပျင်းရိလာသဖြင့် ဖုန်းကိုထုတ်ကိုင်ပြီး Weibo ထဲသို့ ဝင်နှောက်နေလိုက်ရာ သိပ်မကြာလိုက်ခင်အတွင်း မနီးမဝေးနေရာတစ်ခုစီမှ စကားသံများက မကြားတစ်ချက်ကြားတစ်ချက် ၊ ထိုစကားသံများထဲက တစ်ခုက ရင်းနှီးသလိုလိုရှိနေဆဲဖြစ်သည့်စကားသံ။
ဝိန်းရိဖန် စကားသံလာရာဆီသို့ လှမ်းကြည့်မိလိုက်သည်။
လေသာဆောင်ငယ်လေးထဲတွင် ထွန်းလင်းထားသည့်မီးရောင်များက အဖြူရောင်တောက်တောက်များဖြစ်ကာ အနည်းငယ်တလက်လက်နိုင်လှသည်။
သူမ၏မျက်ဝန်းအိမ်များ မှေးကျဥ်းပြီးအာရုံစိုက်လိုက်သည့်အခိုက် မြင်ကွင်းများရှင်းလင်းသွားသည့်အချိန်တွင် မနေ့ကမှ တွေ့ခဲ့သည့် စန်းရန်အား ထိုလေသာဆောင်ငယ်လေးနားတွင် ထပ်ပြီး တွေ့လိုက်ရလေတော့၏။
ထင်ယောင်ထင်မှားဖြစ်သွားသည့်အငွေ့အသက်မျိုး မရှိပါပေ။
ဤရှုထောင့်မှဆိုလျှင် သူ၏မျက်နှာကို မြင်နေရ၏။
ယောက်ျား၏အမူအရာက မထုံတတ်သေးပုံစံမျိုးဖြစ်ပြီး လေသာဆောင်အား မှီ၍ရပ်နေကာ အစိမ်းရင့်ရောင်အနွေးထည်ကိုဝတ်ထားသည့် ရင်ဘတ်များက ခပ်ကျယ်ကျယ် ၊ ခြေတံရှည်ရှည်ဖြင့် ဖြစ်သည်။ သူ့လက်ချောင်းများကို တစ်သျှူးဖြင့်သုတ်နေပုံအရ ယခုလေးတင်မှ သန့်စင်ခန်းထဲမှထွက်လာခြင်းလည်း ဖြစ်ပုံရသည်။
အနည်းငယ်ခန္ဓာကိုယ်ကိုင်းထားသည့်သူက သူ့ဘေးနားတွင်ထိုင်နေသည့် အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးအား စကားပြောနေသေးသည်။
ထိုအမျိုးသမီးက သူ့အားမော့ကြည့်နေပြီး
"ရပြီလား"
စန်းရန် ;
"အမ့်"
ထိုအမျိုးသမီးက မတ်တပ်ထရပ်လာ၍
"ဒါဆို ဒီနားလေးမှာ 'ကျီကျီ'ကိုစောင့်နေ..သူတို့ဘက်မှာက တန်းစီနေရတုန်း..မေမေက မင်းတို့အဖေကို သွားရှာလိုက်ဦးမယ်"
"...."
စန်းရန်က ဖြေးဖြေးချင်း မျက်လုံးပင့်ကြည့်လာ၍
"အိမ်သာလေး ဝင်ဖို့အရေးကို တန်းစီနေရသေးတာလား"
"လူတွေများတာကိုး..ပြီးတော့ မေမေနဲ့မင်းအဖေနဲ့ နှစ်ယောက်တစ်ကမ္ဘာနေမလို့ပါဆို..မင်းက ဘာလိုက်လုပ်ဦးမှာလဲ"
"အဲ့ဒီတော့ မေမေကရော ကျွန်တော့်ကိုခေါ်ပြီး ဘာလုပ်ခိုင်းမလို့လဲ"
စန်းရန်က စိတ်ဆိုးဆိုးဖြင့်ရယ်လိုက်ပြီး
"မေမေ့အစား ကလေးထိန်းခိုင်းမလို့လား"
အမျိုးသမီးက သူ၏လက်မောင်းကို ပုတ်ရိုက်လိုက်ရင်း စိတ်အေးလက်အေးပုံစံမျိုးဖြင့်
"မင်းလည်း အမြန်ဆုံး ဒီခံစားချက်ကို နားလည်လာမှာပါ..မင်းမေမေ ငါက အခုလိုမျိုးအကြောင်းပြချက်တွေပေးဖို့ ဦးနှောက်ကို အမြဲတမ်းအလုပ်ပေးနေတာမျိုးလည်း မလုပ်ပါဘူးနော်"
စန်းရန် ;
"...."
ထွက်မသွားခင်တွင် အမျိုးသမီးကဆက်၍
"ဒါနဲ့..မင်းညီမလေးနဲ့ စကားပြောကြည့်ပါဦး..မေမေထင်တာတော့ သူ အခုတလော အရမ်းတွေစိတ်ဖိစီးနေသလားလို့..ဝိတ်တွေလည်း ကျသွားတယ်"
စန်းရန်က အောက်နှုတ်ခမ်းကိုတွန့်ကွေးပစ်ကာ ရယ်နေသည်လည်းမဟုတ် တည်နေသည့်မဟုတ်ဖြင့်
"ကျွန်တော်နဲ့ သူနဲ့ စကားပြောကြည့်ရမယ်"
"အင်းလေ..ဘာဖြစ်လို့လဲ"
"သူနဲ့ကျွန်တော်နဲ့ကြားက အသက်ကွာခြားမှုက နည်းနည်းလေးမှမဟုတ်တာ..အသက်အရွယ်တင်မကဘူး.."
စန်းရန်က အိတ်ကပ်ထဲမှလက်ကိုင်ဖုန်းကို ထုတ်ပြီး အေးအေးလူလူအသံမျိုးဖြင့်
"လိင်အမျိုးအစားလည်း မတူဘူး..အဲ့တော့ ဒီကိစ္စကို မေမေပဲကိုင်တွယ်လိုက်"
သုံးစက္ကန့်မျှ တိတ်ဆိတ်သွားခဲ့၏။
အမျိုးသမီးကြီးအနေဖြင့် ဤစကားလုံးများကိုသာ ခွန်းတုန့်ပြန်နိုင်လေတော့၏။
"ငါ မင်းကို ပြောလို့ဆိုလို့ကို မနိုင်တော့ဘူးပေါ့လေ"
"...."
ထိုအမျိုးသမီးကြီးထွက်သွားသည့်အချိန်မှသာ သူတို့၏စကားများကို နားထောင်နေမိမှန်း ဝိန်းရိဖန် သတိထားမိလိုက်၏။လူတန်းကြီးက အချိန်နှင့်အမျှ တရွေ့ရွေ့သွားနေခဲ့ကာ သူမ၏အာရုံအသိစိတ်တို့ပြန်ကပ်သွားသည်နှင့်တပြိုင်နက် သုံးလေးလှမ်းရှေ့တိုးသွားလိုက်၏။
ဤအနေအထားဖြင့်ဆိုလျှင် ကျောပေးရပ်နေသည့်စန်းရန်အား မမြင်နိုင်တော့ပေ။
မိနစ်ပိုင်းမျှ ဖြတ်ကျော်သွားပြီးနောက်တွင်။
ကျုံးစစ်ချောင်က သူမအား မက်ဆေ့သုံးစောင်ပို့လာခဲ့သည်။
ကျုံးစစ်ချောင် ; [ /ဓါတ်ပုံ ]
ကျုံးစစ်ချောင် ; [ ငါတော့ ရှော့ရသွားပြီ ]
ကျုံးစစ်ချောင် ; [ ငါ အရင်တုန်းကလည်း သူ့ကို မက်ဆေ့တွေပို့ဖူးတယ်..သူ တစ်ခါမှ ပြန်ဖြေတာမျိုးမရှိခဲ့ဘူး..သူ ဒီအကောင့်ကို မသုံးတော့ဘူးလို့တောင် ငါ ထင်ထားတာ ]
ဝိန်းရိဖန်က ဓါတ်ပုံအား ဖွင့်ကြည့်လိုက်၏။
ကျုံးစစ်ချောင်နှင့်စန်းရန်တို့ စကားပြောထားသည့် screenshot ပင်။
စန်းရန်ဘက်မှ မက်ဆေ့ပြန်ပို့ထားခြင်းဆိုလည်း မမှား။
Group အလိုက် မက်ဆေ့ပြန်ထားသည့်ပုံစံမျိုးဖြစ်ကာ စကားလုံးလေးလုံးတည်းသာ ပါ၏။
[ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ]
ထိုအရာကို မြင်လိုက်ရပြီးနောက်တွင် ဝိန်းရိဖန်က chat box ထဲမှ ချက်ချင်းထွက်လိုက်ကာ မဖတ်ရသေးသည့်မက်ဆေ့များကြား တစ်ချက်ဝေ့ဝဲကြည့်မိလိုက်၏။
စန်းရန်ကို မတွေ့ပါချေ။
သို့သော် သူမ၏အကောင့်ထဲတွင်ရှိသည့် စန်းရန်၏အကောင့် Profile က Screenshot ထဲမှ profile နှင့်အတူတူပင်ဖြစ်နေသည်။
ထို့ကြောင့် မှား add ထားခြင်းမဖြစ်နိုင်။
ထိုသို့ဆိုလျှင် သူမက အဘယ်ကြောင့် Group မက်ဆေ့ကို လက်ခံမရရသနည်း။
စန်းရန်က စိတ်သဘောထားသေးသိမ်စွာဖြင့် သူမတစ်ယောက်တည်းကိုသာ ကွက်၍မပို့ခြင်းမျိုးလား။
Group မက်ဆေ့ မဟုတ်ခြင်းကြောင့်လား။
သို့သော် မကြာသေးခင်အချိန်ကမှမြင်တွေ့ထားသော စန်းရန်က သူ့အမေနှင့်စကားပြောနေခဲ့ကာ တစ်ယောက်ချင်းစီ လိုက်၍ နှစ်သစ်ဆုတောင်းစကားပို့ပေးနေရန်လည်း အားလပ်နေပုံ မပေါ်ပါပေ။
စက္ကန့်တော်တော်ကြာအောင် တွေးနေမိ၏။
ဝိန်းရိဖန် ခံစားမိလိုက်သည့် အဖြစ်နိုင်ဆုံးသော ဖြစ်နိုင်ချေမှာ အရင်ကတွေးခဲ့ဖူးသည့်အကြောင်းပြချက်ပင်။
သူက သူမအား အကောင့် Deleted လုပ်ထားခြင်း...
ထိုအခါ ဝိန်းရိဖန်က ဤအခြေအနေကိုအခွင့်ကောင်းယူပြီး သူမ၏ Contact ထဲဝင်ကာ Group လိုက်စာပို့ရန် ပြင်လိုက်ပြီး သူမအား Blocked / Deleted လုပ်ထားသည့်သူများကိုပါ ရှင်းထုတ်ရန် ပြင်ဆင်လိုက်၏။
Group မက်ဆေ့ပို့လိုက်ပြီး မကြာခင်အတွင်းပင် ဒါဇင်နှင့်ချီသည့် ပြန်စာများ ချက်ချင်းရောက်လာခဲ့ကြသည်။
ဝိန်းရိဖန်က အောက်ခြေမှစကာ ထိပ်ဆုံးထိ မက်ဆေ့တစ်ခုချင်းစီ ဖွင့်ကြည့်ပြီး အလျင်းသင့်သလို ပြန်စာများ ပို့ပေးနေခဲ့၏။
ထိပ်ဆုံးတစ်ခုအား နှိပ်မိလိုက်သည့်အချိန်တွင်တော့ ဝိန်းရိဖန် ကြောင်အမ်းသွားရတော့၏။
အဘယ်ကြောင့်ဆိုသော် သူမ အဖြေမှန်သိသွားရခြင်းကြောင့်။
မက်ဆေ့ကိုပြန်စာပို့ထားသည့်သူမှာ သူမ၏ဆန္ဒကိုဖော်ထုတ်ရန် ဦးတည်ထားသည့်သူ ၊ သူမဘက်မှနေ၍လည်း Deleted သွားပြီဟူ၍ အမှတ်မှားနေမိသည့်သူ ၊ သူမနှင့် မီတာအနည်းငယ်အကွာအဝေးလေး၌သာ ရပ်နေသေးသည့်သူ။
သူ့ဘက်မှ ပို့လာသည့် တစ်ခုတည်းသော သင်္ကေတမှာ
စန်းရန် ; [ ? ]
"....."
(T/N ; ကိုယ် ဟိုတလောက ခရီးသွားနေလို့ ပျောက်နေရတာပါ..
update က တစ်ရက်ခြား တစ်ခါ မဟုတ်ရင် နေ့တိုင်း ဖြစ်ပါမယ်
Happy 520 Day ပါ )
(Zawgyi)
Advertisement
- In Serial185 Chapters
Onyx Lycan Nightclub
[18+] A Lycan's favourite meal is a fresh virgin mortal. If you dare visit the Onyx Lycan Nightclub in Dire Wolf City, it's just a matter of time before you fall to a Lycan's deadly wolf charm.Contract to Entry: Onyx Requirements. No panties, dispose of them at the front. Swallowing isn't optional. If you die it's not our fucking fault. Signed, Lycans of Dire Wolf City. Your signature, blank space.WARNING:HEAVY ADULT CONTENTHORROR-ROMANCEEROTICA
8 410 - In Serial30 Chapters
My Mate The Alpha King
Read the story to find out.This is my first story so bear with me.Amelia the Alpha of the most powerful pack.Xavier the Alpha prince soon to be the Alpha king.Read their love story.The credit for the cover goes to @_navyblueee_
8 273 - In Serial13 Chapters
Back To Back; Dele Alli
A DELE ALLI'S FAN-FICTION- Jasmine's a young, passionate girl with big dreams and multiple talents. She had always had her head in the game but what happens when she reunites with an old childhood friend that she hadn't met for a long time and also, the person who had left a mark on her? How does things goes by as she reconnect her relationship with a close friend but also, unintentionally falling in love with him? ⓒ COPYRIGHT; ALL RIGHTS RESERVED
8 199 - In Serial24 Chapters
His Precious Mate.
{BOOK ONE OF THE WEREWOLF SERIES}Dayanara Arabella Cordero is the daughter of the Alpha and Luna of the Blood Moon Pack. Her parents were murdered and soon, her pack followed. She moved in with her aunt but she passed, leaving her with her abusive step uncle. What happens when she finds her mate? Who happens to be the Alpha of the strongest pack in the country. More importantly, what happens when he finds out about her step uncle?Started: 23-11-2017Finished: 31-12-2017
8 263 - In Serial33 Chapters
The Baby
GRAYSON ASTOR. New York City's most eligible bachelor was given an ultimatum-get married and earn the CEO position of his family company or remain single and lose an empire. An already difficult decision is made worse when a woman knocks on his door and claims she's having his baby.KALANI DEPRADINE. She lives the simple life of any average person in the city-perfect friends, perfect job, perfect family. But her life is flipped upside down when she discovers she's pregnant after a one-night stand and he drags her into his much more complicated life than he originally led on. •Interracial@itsmariammusa
8 211 - In Serial43 Chapters
Moon Born
Elanor belongs to the Moon Mist pack and is happy going to school, anxiously waiting for her 18th birthday when she'll be able to finally turn into her wolf. A being that she has been able to feel deep inside her soul since a small child.She's also anxious to be mated with her boyfriend, Alex, the future Alpha of the pack.That is until the King of all Lycan packs descends on her little village to discuss war tactics with the Alpha. A strange feeling arouses in the pit of her stomach. A feeling she's never had before.
8 162

