《First Frost (Myanmar Translation)》Chapter 11
Advertisement
စကားသံ၏အဆုံးတွင် တိတ်ဆိတ်သွားပြန်လေတော့သည်။
စန်းရန်၏ အလိုမကျဖြစ်သွားသည့်မျက်နှာကို သတိထားမိလိုက်သည်နှင့်တပြိုင်နက် သူမပြောမိလိုက်သည့်စကားက 'နင့်မျက်နှာက အရမ်းကြည့်ရဆိုးနေတယ်' ဆိုသည့်ဆိုလိုရင်းနှင့် မခြားနားတော့ကြောင်း ဝိန်းရိဖန် နားလည်မိလိုက်သည်။
ထို့အပြင် ယခုလိုအကန်အကျောက်ပြန်ခံပြောနေသည့်စကားမျိုးကို ယနေ့ည၌ အကြိမ်ကြိမ်ပြောမိထားသေးသည်မဟုတ်လား။
မြစ်ကိုဖြတ်ကူးပြီးမှ တံတားချိုးချပစ်ခဲ့သည့် မျက်လုံးဖြူဝံပုလွေနှင့်ပင် တူနေလေပြီ။
ဝိန်းရိဖန်က အခြေအနေကိုထိန်းလိုသည့်အနေဖြင့်
"ဒါပေမယ့်လည်း အလှပျက်သွားတယ်ဆိုရင်တောင်...."
ပြောနေရင်းတန်းလန်း ဝိန်းရိဖန်တစ်ယောက် တစ်စုံတစ်ရာမှားယွင်းသွားသလိုခံစားမိလိုက်သဖြင့် စကားလုံးတို့ကိုပြောင်း၍
"အချိန်တစ်ခုစာထိ ဒဏ်ရာတရဖြစ်သွားတယ်ဆိုရင်တောင် ဒီအပေါ်ယံဒဏ်ရာတွေက နင့် ချောမောခန့်ညားနေမှုတွေအပေါ် လုံးဝမသက်ရောက်နိုင်ပါဘူးနော်"
အမူအရာမဲ့နေသည့်မျက်နှာပေးဖြင့်စန်းရန်က ဝိန်းရိဖန်အား စိုက်ကြည့်နေ၏။
အချိန်ကိုက်ဆိုသလို Wechatမှတဆင့် ဝမ်လင်လင်၏ပြန်စာ ရောက်လာခဲ့သည်။
ဝိန်းရိဖန်က 'Ok' ဆိုသည့် emoji အား မြင်လိုက်ရပြီးနောက် စိတ်သက်သာရာရသွားခဲ့သလို စန်းရန်ကိုလည်း သူမကသာ ဆက်၍စကားဆိုလိုက်၏။
"ငါ့သူငယ်ချင်းက စာပြန်ပို့လာပြီ..ဒါဆို ငါအရင်ဝင်နှင့်တော့မယ်နော်"
စန်းရန်က စကားမဆို ၊ အောက်နှုတ်ခမ်းကိုသာ တွန့်ကွေးပြလိုက်၏။
"ဒါနဲ့.."
ဝိန်းရိဖန်က နှုတ်ဆက်ခါနီးတွင် ယနေ့ညတွင်ဖြစ်ပျက်သွားသည့်ကိစ္စများကို ပြန်တွေးကြည့်ရင်းဖြင့်
"ဘာပဲဖြစ်ဖြစ်ပါ..နင့်ဘက်က ဒီတိုင်းကူညီလိုက်တယ်လို့ပဲ သဘောထားရင်တောင် ငါ့ဘက်ကတော့ နင့်အပေါ် ကျေးဇူးတစ်ခုအကြွေးတင်သွားပြီမလို့ နောက်ဆို နင် အကူအညီလိုအပ်တာမျိုးရှိရင် ငါ့ကို အချိန်မရွေးပြောပါ"
စန်းရန်က မတိုးမကျယ်အသံဖြင့် 'အင်း' ဟုအသံတစ်ချက်ပြုကာ အလျင်းသင့်သလိုလက်ပြနှုတ်ဆတ်ပြီး ကားထဲသို့ ပြန်ဝင်လာခဲ့သည်။
ဘေးခုံတွင်ရှိနေသည့် ဆေးအိတ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကားပြတင်းမှန်အပြင်ဘက်ဆီသို့ ထပ်၍ငေးကြည့်မိလိုက်၏။
ဝိန်းရိဖန်က ရှုံ့ကြိုးအိတ်အသေးအား ခရီးဆောင်အိတ်ပေါ်ထပ်တင်ကာ ခရီးဆောင်အိတ်၏ကိုင်းကိုဆွဲပြီး အိမ်ရာဝန်းထဲသို့ တဖြည်းဖြည်းလျှောက်ဝင်သွားခဲ့၏။ ခရီးဆောင်အိတ်က အနည်းငယ်လေးနေခြင်းကြောင့်လားမသိ ၊ သူမ၏ခြေလှမ်းများက နှေးနှေးကွေးကွေးလေးသာ ဖြစ်နေခဲ့သည်။
သို့သည့်တိုင် အနောက်ဘက်ကိုတော့ လုံးဝပြန်လှည့်ကြည့်မလာခဲ့၏။
သူမ၏နောက်ကျောပြင်လေး မြင်ကွင်းအတွင်းမှလုံးလုံးလျားလျားပျောက်ကွယ်သွားသည့်အခါမှသာ စန်းရန်က သူ့အကြည့်များကို လွှဲပစ်ခဲ့၏။ ကားစက်နှိုးလုနီးနီးတွင် အခုကလေးတင်ဖြစ်ခဲ့သည့် သူမ၏အမူအရာကိုပြန်တွေးမိလိုက်ရာ သူငယ်ချင်းဖြစ်သူ၏အိမ်နံပါတ်ကိုတောင် ချက်ချင်းပြန်မဖြေပေးနိုင်သောသူကြောင့် သူ့လှုပ်ရှားမှုအားလုံးကို တဖန်ရပ်တန့်ပစ်လိုက်ပြန်တော့သည်။
စန်းရန်က ကားပြတင်းမှန်ကိုချပြီး တံတောင်ဆစ်အား မှန်ဘောင်ပေါ်တင်ထားလိုက်ရင်း...
အထက်တန်းကျောင်းသားအရွယ်အချိန်ကာလများမှ ဝိန်းရိဖန်အား ပြန်တွေးကြည့်မိတော့၏။
လှလှပပအသွင်အပြင်လေးရှိသည့်အတွက်ကြောင့် ဝိန်းရိဖန်၏ပုံစံမှာ ဟိတ်ဟန်များလွန်းသည့်သဏ္ဍာန် ၊ သူမ၏အကျင့်စရိုက်မှာလည်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့် တရင်းတနှီးစကားပြောရမည်ကိုမနှစ်သက်သည့်သူမျိုးဖြစ်သည်။ အခြားသူများ၏အမြင်တွင် သူမက မောက်မာတတ်ပြီး ပေါင်းရသင်းရခက်သည်ဟု ယူဆကြသောကြောင့် သူမ၏ကျော်ကြားမှုများမှာ အတန်းထဲ၌ သိပ်မကောင်းလှ။
အမှန်တွင်ကား သူမ၏စိတ်နေသဘောထားမှာ စိတ်လုံးဝမဆိုးတတ်သည့်အလား ၊ ဒေါသမထွက်တတ်သည့်အလား အနေအေးပြီး စိတ်သဘောထားကောင်းမွန်လွန်းသည့်သူမျိုးပင်။
အချိန်ကြာလာသည်နှင့်အမျှ အားလုံးသည်လည်း အချင်းချင်းနားလည်လာခဲ့ကြ၏။
အတန်းဖော်သူငယ်ချင်းများသည်လည်း တဖြည်းဖြည်းဖြင့် သူမက ဘယ်လိုလူမျိုးမှန်း နားလည်လာခဲ့ကြကာ ကွယ်ရာ၌ပင် - ပန်းအိုး ဟူ၍ နာမည်ပေးထားကြသေး၏။ အဘယ်ကြောင့်ဆိုသော် သူမက ရုပ်ကလေး လှပြီး အက,လေး ကတတ်ရုံကလွဲ၍ မည်သည့်နေရာတွင်မှ ပြောင်ပြောင်မြောက်မြောက်လုပ်တတ်ကိုင်တတ်ခြင်းမျိုးမရှိ ၊ လက်တွေ့ဘဝနှင့်ပတ်သတ်၍လည်း ဘာမှနားမလည်သည့်သူတစ်ဦးနှင့်တူနေသောကြောင့်ပင်။
အကယ်၍ ထိုအချိန်တုန်းက ဝိန်းရိဖန်သာဆိုလျှင် ယနေ့လိုကိစ္စမျိုးများကြုံလိုက်ရလျှင် ငိုများငိုနေလိမ့်မလား? ၊ ထိုအချက်ကိုတော့ စန်းရန်လည်းသေချာမသိပါပေ။
သို့သော် သူ့ဘက်မှ အသေအချာသိနေသည့်တစ်ခုမှာ အကယ်၍ အရင်ကဝိန်းရိဖန်သာဆိုလျှင် ဘာမှမဖြစ်ပျက်သွားသည့်ပုံစံမျိုးဖြင့် သူ့အား ယခုလိုစကားပြောနေနိုင်မည်မဟုတ်ခြင်းပင်ဖြစ်၏။
ထို့အပြင် သည်တွေ့မြင်နေသည့်အချိန်ကလေးအတွင်းတွင် လည်း တစ်ပါးသူမှ သူမအား နှစ်သိမ့်ပေးရန်လိုအပ်နေသည့်ပုံစံမျိုးလုံးဝမရှိပါဘဲ သူမအား ကူညီပေးသည့်အတွက် ကျေးဇူးတင်နေသည့်အမူအရာများသာ ရှိနေခဲ့သည်။
စန်းရန်က မျက်လွှာကိုချပြီး စီးကရက်သောက်ချင်စိတ်ဖြစ်လာသည့်အချိန်တွင်တော့ ဖုန်းခေါ်ဆိုမှုတစ်ခုက အနှောက်အယှက်အဖြစ် ဝင်လာခဲ့သည်။
သူ ဖုန်းလက်ခံဖြေလိုက်သည်။
စုဟောက်အန်း၏အသံက တစ်ဖက်မှဟိန်းထွက်လာ၍
"မင်း ဒီည 'Overtime' ကိုလာဦးမှာလား..လာမယ်ဆိုရင် ငါ့ကားကိုပါ ပြန်မောင်းလာခဲ့..မင်းက ငါ့ကား ယူမောင်းနေတော့ ငါက ဘာသွားမောင်းရမှာလဲ!..ကားမရှိဘဲနဲ့ ကောင်မလေးကို ဘယ်လိုလိုက်ပို့ပေးရမှာလဲ!"
စန်းရန် ;
"တော်တော့ကွာ..ခဏနေကျရင် မင်းကိုပြန်လာပေးမယ်"
စုဟောက်အန်း ;
"ဒါနဲ့ မင်းက ဘာလို့ ရုတ်တရက်ကြီးပြန်သွားခဲ့တာလဲ"
"မင်းကိုယ့်ဘာသာကိုယ် ဘာလုပ်ထားမှန်း မသိဘူးလား"
စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်၍
"ငါက ပြန်ပြီး သတိပေးရဦးမှာလား"
"...."
စုဟောက်အန်း သုံးစက္ကန့်မျှငြိမ်သွားခဲ့ပြီးနောက်တွင် အမှားကို ဦးစွာဝန်ခံပစ်လိုက်၏။
"အေးပါ အေးပါ အေးပါ..ငါ နောက်တစ်ခါဆိုခေါ်မလာတော့ဘူး ဟုတ်ပြီလား..အခြားကောင်တွေလည်း ငါ့ကို ပြောပြီးဆိုပြီးသွားပါပြီကွာ အိုင်း..."
စန်းရန်မှာ စုဟောက်အန်းအား အာရုံစိုက်နေဖို့ပင် ပျင်းရိလွန်းလှသည်။
စုဟောက်အန်းက ထပ်၍ညည်းလာပြန်သေး၏။
"ဒါဆို မင်းမေကြီးတော် ငါက ကလေးဆန်တာလေးတွေကြိုက်မိတာ အပြစ်လား!..ငါက ဒီလိုပုံစံမျိုးလေးတွေကိုမှ စိတ်ဝင်စားတာလေကွာ!"
"ပြောလို့ပြီးပြီလား?"
"မပြီးသေးဘူးပေါ့ဟ"
စုဟောက်အန်းက ဆက်၍
"မင်း ငါ့အပေါ်ကို နည်းနည်းလေးဖြစ်ဖြစ် စိတ်ရှည်ပေးလို့မရဘူးလား..ငါ့ကို မင်းရဲ့အနာဂတ်ကောင်မလေးအဖြစ် သဘောထားပြီး ချော့မော့နှစ်သိမ့်ပေးလို့မရဘူးလား?..ငါ့စိတ်လေးက အခုချိန်မှာ အရမ်းရှုပ်ထွေးခံစားနေရတာ"
"ဖုန်းချပြီ"
စန်းရန် ဖုန်းချပစ်လိုက်ပြီးနောက် စီးကရက်ဘူးထဲမှ တစ်လိပ်ကိုထုတ်ယူလိုက်ပြီးနှုတ်ခမ်းဖျားထက်တွင် ကိုက်ထားလိုက်သည်။
မီးခြစ်အား ရှာနေဆဲတွင် စုဟောက်အန်းက နောက်တစ်ကြိမ်ဖုန်းခေါ်လာပြန်သည်။လက်ခံဖြေလိုက်၍ ကားအတွင်းမီးကိုဖွင့်ကာ သူ့အရှေ့တွင်ရှိနေသည့်ပစ္စည်းများကြားမွှေနှောက်ရှာဖွေကြည့်လိုက်၏။
"မင်း အရမ်းရက်စက်တာပဲ..ငါ့မှာတော့ ငါ့ရည်းစား သန့်စင်ခန်းသွားနေတုန်းလေး မင်းဆီကို အချိန်လုပြီးဖုန်းဆက်ရတာ..မင်း! ဘာလို့! ဖုန်းချချင်တိုင်း! ချ! ပစ်! ရတာလဲ!.."
Advertisement
စန်းရန်က 'အို့' ဟုအသံတစ်ခုပြုလိုက်ရင်း
"ငါ နောက်တစ်ကြိမ် ဖုန်းချပေးလို့လည်း ရသေးတယ်"
"...."
စုဟောက်အန်းက သက်ပြင်းကြီးကြီးချလိုက်တော့၏။
"အိုင်း..မိန်းကလေးတွေကို ချော့ရတာလည်း အရမ်းပင်ပန်းတာပဲ..ငါ အစကတော့ ဒီလင်လင်ဆိုတဲ့တစ်ယောက်က အတော်လေးချစ်စရာကောင်းတယ်လို့ ထင်ထားတာ..ဒီနေ့ကျမှ အရမ်းတွေစိတ်ရှုပ်စရာကောင်းတယ်လို့ မြင်နေပြီ"
"အဲ့ဒါဆိုလည်း မင်း ရည်းစားမထားနဲ့လေ"
"အဲ့ဒါတော့ ဘယ်ဖြစ်မလဲ..ချစ်ကျွမ်းဝင်ရတယ်ဆိုတာမျိုးက ဘယ်လောက်တောင်မှ နုပျိုလန်းဆန်းလိုက်သလဲ"
"...."
စန်းရန်က စုတ်တစ်ချက်သပ်ပြီး
"မင်းဟာက အကြွေးတင်လို့ဆပ်နေရတာမျိုးပါကွာ"
စကားပြောနေရင်းက ကားအတွင်းမီးရောင်ကြောင့် ဘေးခုံတွင်ရှိနေသည့်ပစ္စည်းတစ်ခု တလက်လက်ဖြစ်သွားသည်ကို စန်းရန်မြင်လိုက်ရ၏။ပစ္စည်းများကို မွှေနှောက်ရှာနေသည့်အလုပ်အား ရပ်တန့်လိုက်ကာ မျက်တောင်မခတ်စတမ်းကြည့်နေရင်း ထိုပစ္စည်းအား ကောက်ယူလိုက်သည်။
သော့တွဲတစ်ခုပင်။
-------
ဝိန်းရိဖန်က ဝမ်လင်လင်၏အိမ်ရှေ့တွင် နှစ်နာရီနီးပါး ရပ်စောင့်နေခဲ့ရသည်။
ညဆယ့်နှစ်နာရီထိုးပြီးသည့်အချိန်၌မှသာ ဝမ်လင်လင် ပြန်ရောက်လာခဲ့၏။ ဝိန်းရိဖန်၏အခြေအနေကို မြင်မြင်လိုက်ချင်းတွင် ဝမ်လင်လင် အံ့အားသင့်သွားခဲ့၍
"ရှောင်ဖန်..ဒါက ဘယ်လိုဖြစ်..ဘာလို့ ဒီလိုမျိုးနေနေရတာလဲ"
ဝိန်းရိဖန် ;
"အရင်နေခဲ့တဲ့အိမ်ခန်းမှာ ပြဿနာလေးနည်းနည်းရှိနေလို့ အခုလိုမျိုး ရုတ်တရက်ရောက်လာရပြီး အစ်မရဲ့တွေ့ဆုံပွဲလေးကို အနှောက်အယှက်ပြုလိုက်ရတာပါ..တကယ်ကို အားနာမိပါတယ်..လင်ကျဲ.."
"ဘာမှမဖြစ်ပါဘူး"
ဝမ်လင်လင်က တံခါးဖွင့်လိုက်၍
"အစကတော့ အစ်မလည်း ဒီထက်စောစောပြန်လာမလို့ပဲ..အစ်မကောင်လေးလေ..လူကို အရမ်းကပ်နေတာမလို့..မင်းကို အကြာကြီးစောင့်ခိုင်းထားမိတဲ့အတွက် အစ်မကသာ အားနာရမှာပါ"
နှစ်ယောက်သား အတူတူအထဲဝင်လာခဲ့လိုက်၏။
ဝမ်လင်လင် ;
"အချိန်လည်း မစောတော့ဘူးဆိုတော့ မင်း အရင်ဆုံးပစ္စည်းတွေနေရာချလိုက်ပါ..အစ်မ အရမ်းအိပ်ချင်နေပြီမလို့ ရေချိုးပြီး အိပ်တော့မယ်..အချင်းချင်းသိထားရမယ့်ဆောင်ရန်ရှောင်ရန်လေးတွေကိုတော့ မနက်ဖြန်ကျမှပဲ ပြောကြရအောင်"
ဝိန်းရိဖန် အလျင်အမြန်ခေါင်းငြိမ့်ပြလိုက်၏။
ဝမ်လင်လင်က အိပ်ခန်းကြီးဘက်သို့ နှစ်လှမ်းခန့်မျှလျှောက်သွားလိုက်ပြီးနောက် ရုတ်တရက်ပြန်လှည့်ကြည့်လာပြီး
"ဒါနဲ့..မင်း ဒီနေ့ ဘယ်လိုပြန်သွားခဲ့တာလဲ..အစ်မတို့သွားခဲ့တဲ့စားသောက်ဆိုင် နည်းနည်းချောင်ကျတယ်..မင်း ပြန်သွားတဲ့ချိန်တုန်းကတောင် အစ်မ မင်းကို သတိပေးဖို့မေ့သွားခဲ့လို့"
ဝိန်းရိဖန် ;
"ဖြစ်ချင်တော့ အဲ့တုန်းက စန်းရန်လည်းပြန်တော့မှာ..အဲ့ဒါနဲ့ သူ့ကို ခဏလောက်လိုက်ပို့ပေးပါဆိုပြီး အကူအညီတောင်းလိုက်တာ"
"မင်းဘက်က သူ့ကို အကူအညီသွားတောင်းရတာလား"
ဟာသစကားတစ်ခွန်းကို ကြားလိုက်ရသည့်အလား ဝမ်လင်လင်က ထရယ်လိုက်၍
"သူ့ဘက်က စပြီးလိုက်ပို့ပေးဖို့ လာမခေါ်ဘူးလား"
ဝိန်းရိဖန်က ဤအကြောင်းအရာထဲတွင် မည်သည့်နေရာ၌ရယ်စရာကောင်းသည့်အချက်မျိုး ပါနေမှန်းကို နားမလည်သဖြင့် အနည်းငယ်ရှုပ်ထွေးသွားရ၏။
"သူ့ဘက်က လိုက်ပို့စရာအကြောင်းလည်းရှိမှမရှိတာ"
ဝမ်လင်လင်က သနားစာနာသည့်အလား ခေါင်းရမ်းလိုက်ပြီး
"မင်း နောက်ဆိုရင် ဒီလိုမျိုးမလုပ်နဲ့နော်..အခုချိန်လောက်ဆိုရင် ကွယ်ရာမှာ သူ ဘယ်လောက်ထိဂုဏ်မောက်ပြနေမလဲဆိုတာ သိနိုင်လို့လား..သူ့ရဲ့ အဲ့သူငယ်ချင်းကောင်တွေကို ပြောပြပြီး မင်းကို ဝိုင်းလှောင်ရယ်ရင်ရယ်နေဦးမှာ"
ဝိန်းရိဖန် ;
"အမ်?"
"ဘာဖြစ်လို့လဲဆိုတော့ အရင်က သူ မင်းကို လိုက်ပိုးပမ်းပေမယ့် မရခဲ့ဘူးလေ..အခုချိန်မှာ မင်းကသာ သူ့ကို သွားကပ်နေရင် သေချာပေါက်ကတော့ သူ မင်းကို အရင်ဆုံးကစားဦးမှာ.. ပြီးမှ ၊ သူကစားလို့ဝမှ မင်းကို ဖြတ်ချထားခဲ့မှာ..မင်းကိုယ့်ကိုကိုယ် အသေအချာဂရုစိုက်ရမယ်နော်"
ဝမ်လင်လင်က ဝိန်းရိဖန်၏ပုခုံးကို ပုတ်လိုက်၍
"အစ်မရဲ့စကားကို ယုံ..အစ်မက ဒါမျိုးတွေမှာ အတွေ့အကြုံရှိတယ်..ဒီသခင်လေးအုပ်စုက ဘာမှမထူးမခြားနား ၊ အားလုံးက သူတော်ကောင်းယောင်ဆောင်ထားတာတွေချည်းပဲ"
"...."
ဝိန်းရိဖန်အနေဖြင့် သူမဘက်က အနားသို့ပြန်ကပ်ဖို့ရာ အစီအစဥ်မရှိကြောင်းကိုလည်း ပြောပြလိုက်ချင်သလို စန်းရန်ကလည်း ထိုကဲ့သို့သောလူမျိုးမဟုတ်ကြောင်းပါ ယုံကြည်နေမိ၏။
ဘယ်လိုပင်ဖြစ်နေပါစေ လက်ရှိအချိန်တွင် တစ်ဖက်လူက သူမအား အရေးပင်မလုပ်တော့ပါပေ။
သို့သော်လည်း ဝိန်းရိဖန်က အခြားသူများနှင့်ငြင်းခုန်ရှင်းပြနေရမည်ကို ပျင်းလှသည့်အတွက် ရင်းနှီးသူတစ်ယောက်မှ သတိပေးသည့်စကားတစ်ခုအဖြစ်သာ မှတ်ယူလိုက်တော့၏။
"ဟုတ် နားလည်ပါတယ်"
ဝမ်လင်လင်နှင့် ပေါင်းသင်းရသည်မှာ ဝိန်းရိဖန်တွေးထားသည်ထက်ပင် ပို၍ပလဲပနှံသင့်လှသည်။
အဘယ်ကြောင့်ဆိုသော် နှစ်ယောက်သား မျက်နှာချင်းဆိုင်မိကြသည့်အချိန်မျိုးမှာ ရှားလွန်းသောကြောင့်ပင်။
ဝမ်လင်လင်၏အချိန်ဇယားက အလွန်ကိုမှကျန်းမာရေးနှင့်ညီညွတ်လှကာ အလှအပအတွက်ဖြင့် အိပ်ချိန်မှန်အောင်ကြိုးစားနေသည်မှာ နေ့တိုင်း ရှစ်နာရီပြည့်အောင် အိပ်သည့်အလ့အကျင့်မျိုးပင်ရှိသည်။အတင်းလုပ်ယူစရာမလိုပါဘဲ ည ၁၁နာရီမထိုးခင် အိပ်လေ့ရှိကာ နိုးလာသည့်အချိန်တွင်လည်း ဆူဆူညံညံလုပ်ခြင်းမျိုးမရှိ ၊ မိတ်ကပ်ပြင် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ထွက်သွားခဲ့သည်ပင်။
ဝိန်းရိဖန်မှာတော့ သတင်းများကိုအမှီလိုက်ဖို့ရာအတွက် ပြေးလွှားနေရကာ အိမ်မှာနေရသည့်အချိန်ပင်သိပ်မရှိဘဲ သူမ၏အချိန်ဇယားများက ဇောက်ထိုးမိုးမျှော်ဖြင့်အတိအကျမရှိ။သူမအတွက်တော့ နေအိမ်ဆိုသည်မှာ အိပ်ရမည့်နေရာတစ်ခုသာ ဖြစ်၏။
ဤပတ်ဝန်းကျင်အိမ်ရာက လုံခြုံရေးလည်းကောင်းမွန်ကာ ကုမ္ပဏီနှင့်လည်း နီးသည်။ အိမ်ခန်းဖော်ရှိသည်နှင့်မရှိခြင်းကြားမှာလည်း ဘာမှကွာခြားမှုမရှိသည့်အတွက် ဝိန်းရိဖန်အတွက်တော့ အိမ်ခန်းငှားဖော်နှင့်အတူနေရသည့်အခြေအနေမှာ သူမထင်မှတ်ထားသည်ထက်ပင် များစွာအဆင်ပြေနေပါတော့၏။
ဝိန်းရိဖန်နှင့်ဝမ်လင်လင်တို့ အတူတူနေဖြစ်သွားကြမှန်းသိပြီးနောက်ပိုင်းတွင်။
စုထျန်းက သူမအား ဤကိစ္စနှင့်ပတ်သတ်၍ အမှန်တကယ်အဆင်ပြေခြင်းဟုတ်မဟုတ် ၊ စိတ်သက်သက်သာသာ နေရခြင်းဟုတ်မဟုတ် အကြိမ်ကြိမ်မေးမြန်းနေပါတော့သည်။
နောက်တစ်ပတ်အကြာ ဗုဒ္ဓဟူးနေ့ နေ့လည်ခင်းတွင်။
ဝိန်းရိဖန်က အခြားကျွမ်းကျင်ပညာရှင်တစ်ဦးနှင့်ဖုန်းပြောအပြီး ၊ စုထျန်းက ထမင်းစားခန်းမှထွက်လာသည့် အချိန်နှင့်ကြုံကြိုက်ကာ စုထျန်းက ဝိန်းရိဖန်၏အနားသို့ကပ်၍
"ငါကြားထားတာ..ဝမ်လင်လင်က အလုပ်ထွက်တော့မှာတဲ့"
ဝိန်းရိဖန်က တအံ့တသြဖြင့်
"တကယ်ကြီးလား"
"တကယ်ဖြစ်ဖို့များတယ်..နင်နဲ့ သူနဲ့အတူတူနေ,နေတာကို နင့်ကို တစ်ခါမှမပြောပြထားဖူးလား"
စုထျန်းက ဆက်၍
Advertisement
"ကြည့်ရတာ နှုတ်ထွက်စာတောင် တင်ပြီးပြီထင်တယ်..သူ့လက်တလောအခြေအနေကလည်း အလုပ်မလုပ်ချင်တော့တဲ့ပုံစံပါပဲ"
"နင်က ဘယ်လိုကြည့်ပြီးသိတာတုန်း"
"နေ့တိုင်းနေ့တိုင်း နောက်ကျမှလာတယ် စောစောပြန်တယ်..ဒါရိုက်တာတောင် သူ့ကိုအခုတလော ကြည့်မရဘူးလေ..အကယ်၍ သူ ထွက်စာမတင်ရင်လည်း အနှေးနဲ့အမြန်တော့ အလုပ်ဖြုတ်ခံရမှာ..ဒီနေ့တောင်မှ အချက်အလက်တွေကို ဖတ်နေတာလိုလို စစ်နေတာလိုလိုလုပ်ပြီး ဘာအလုပ်မှမလုပ်ဘဲပြန်သွားတာကို ငါမြင်လိုက်သေးတယ်"
သတင်းထောက်ဂျာနယ်သမားများ၏လုပ်ငန်းခွင်ထဲတွင် အချိန်ပိုကြေး သီးသန့်မရှိသည့်အတွက် အခမဲ့အလုပ်လုပ်ပေးနေသလိုဖြစ်လာခဲ့ကြသည်။အလုပ်များသည့်အချိန်မျိုးဆိုလျှင် ၂၄နာရီလုံးလုံး အလုပ်လုပ်နိုင်ရပြီး အလုပ်စောစောပြီးလျှင်လည်း စောစောအနားယူရသည်သာ။
ကန့်သတ်ချက်များက များများစားစားမရှိ။
ထို့အပြင် လုပ်ဖော်ကိုင်ဖက်အများစုမှာ တစ်ရုံးတည်း၌အလုပ်လုပ်နေကြပါသော်ငြား အချင်းချင်းမျက်နှာချင်းဆိုင်မိကြသည့်အချိန်မှာ လက်ချိုးရေ၍ပင်ရသည်။
ဝိန်းရိဖန်က အများသူငှာ၏ကိစ္စအပေါ် အာရုံမထားတတ်သူဖြစ်သည့်အလျောက် တစ်ပါးသူ၏ကိစ္စကိုလည်း တွေးပူနေခြင်းမျိုးမရှိဘဲ
"သတင်းတွေ ပြေးလွှားပြီးမယူချင်တော့လို အလုပ်ပြောင်းလိုက်တာ နေမှာ..ပြီးတော့ အခြေခံလစာလေးနဲ့လည်း အမြဲတမ်း လောက်ငှမနေနိုင်ဘူးလေ"
"သူ ဒုတိယမျိုးဆက်သူဌေးသားကို ဖမ်းမိထားပြီးပြီမဟုတ်ဘူးလား"
ဤစကားများကိုပြောနေရင်း စုထျန်းက အကြောင်းအရာတစ်ခုကို ထည့်မပြောဘဲမနေနိုင်တော့ကာ
"ဟိုဒုတိယမျိုးဆက်သူဌေးသားက တကယ်ကြီး ပိုက်ဆံရှိတဲ့ပုံရတယ်ဟ..လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ ဝမ်လင်လင်ကိုလာခေါ်တဲ့ကားတောင် Ferrariတစ်စီးထပ်ပြောင်းသွားတာကို ငါတွေ့လိုက်သေးတယ်..အခုဆိုရင်လေ အဲ့တစ်ယောက်က ငါ့ကိုတွေ့တိုင်း ကြွားလုံးထုတ်တဲ့စကားကလွဲရင် ဘာမှမပြောတတ်တော့ဘူးလားမသိ.."
ဝိန်းရိဖန်က ပြုံးနေရင်း
"ဒီတိုင်းပဲ နားထောင်ပေးလိုက်ပါ"
စုထျန်းက အသံကို တိုးလိုက်၍
"ငါ အဲ့တစ်ယောက်ရဲ့ ငြောင်နာနာအသံကြီးကို သည်းညည်းမခံနိုင်တော့ဘူး"
ဝိန်းရိဖန် စကားပြန်မပြောခင် ဖုကျွမ့်၏ခေါင်းက သူမတို့နှစ်ဦး၏ကြားထဲသို့တိုးဝင်လာပြီး စပ်ဖြီးဖြီးဖြင့်
"ဘယ်သူ့ငြောင်နာနာအသံကို သည်းမခံနိုင်တာလဲ"
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ၊ စုထျန်းက လန့်ဖြန့်သွားကာ ဖုကျွမ့်အား ဒေါသတကြီးတွန်းထုတ်လိုက်တော့၏။
"ဘယ်သူရှိရဦးမှာလဲ! နင်ပေါ့ဟဲ့!"
ဖုကျွမ့် ; "?"
စုထျန်း ;
"ဘာတွေ ခိုးနားထောင်နေတာလဲ..ဟမ်..သောက်ကလေးလေး ဝေးဝေးသွားနေစမ်းပါ"
"ဘာကို သောက်ကလေးလေးလဲ!"
ဖုကျွမ့်က မကျေမနပ်သည့်အမူအရာဖြင့် လက်ထဲတွင်ကိုင်ထားသည့် အချိုရည်ပုလင်းအား မိုက်ကရိုဖုန်းအသွင်ကိုင်လိုက်၍
"ကျွန်တော်တို့သုံးယောက်က ' ဖန် ဖု စု ဇစ်' အဖွဲ့မဟုတ်ဘူးလား..အစ်မတို့နှစ်ယောက်က ဘယ်လိုအတင်းအဖျင်းမဆို ကျွန်တော့ကိုပါ ပြောပြရမှာလေ..ကျွန်တော့်ကို ဖယ်ထားလို့မရဘူးလို့!"
စုထျန်းက ဒေါသထွက်ထွက်ဖြင့်ရယ်လေပြီး
"ဆိုးရွားလိုက်တဲ့ အဖွဲ့နာမည်ကြီး..ငါ ပါမယ်လို့ ဘယ်တုန်းက သဘောတူထားလို့တုန်း"
ဖုကျွမ့် ;
"တော်တော်လေးနားထောင်လို့ကောင်းတဲ့နာမည်ပါနော်"
ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေပြီး စကားဝိုင်းထဲသို့ဝင်လာခြင်းမရှိ ၊ ကီးဘုတ်ဖြင့်သာ စာရိုက်နေလေသည်။
တစ်ခဏတာ တိတ်ဆိတ်သွားခဲ့၏။
မိန်းကလေးနှစ်ဦးစလုံးက သူ့အားလျစ်လျူရှုထားမှန်းသိလိုက်သည်နှင့် ဖုကျွမ့်က ဆက်ပြီး
"ဒီက မမနှစ်ယောက်..မမတို့ ဒီနေ့ည ချိန်းထားတာရှိလား..မရှိရင် 'သာ့ဖု'နဲ့အတူတူ လျှောက်လည်ကြမလား..သာ့ဖု ပထမဆုံးတည်းဖြတ်ထားတဲ့ဗွီဒီယိုကို ထုတ်လွှင့်ပြသတဲ့အထိမ်းအမှတ်အနေနဲ့ ပါတီလုပ်ကြစို့!"
စုထျန်းက သူ့ခေါင်းကိုပုတ်ပြီး
"အိမ်ပြန်ပြီးတော့ နင့်ဘာသာနင် နွားနို့သောက်နေ..မမ ချိန်းထားတာရှိတယ်"
ဖုကျွမ့်က ဝိန်းရိဖန်ဘက်သို့ လှမ်းကြည့်၍
"ဒါဆို ရိဖန်ကျဲကရော..."
နာမည်ခေါ်လိုက်သံကြောင့် ဝိန်းရိဖန်လှမ်းကြည့်လိုက်၏။ သူတို့ပြောနေကြသည့်စကားများကို လုံးဝမကြားလိုက်သည့် ဝိန်းရိဖန်က ဖုကျွမ့်လုပ်ပြနေသည့် သောက်ကြမလားဆိုသည့် အမူအရာကိုသာ လှမ်းကြည့်လိုက်ပြီး လိုက်လျောညီထွေပြန်ဖြေလိုက်၏။
"ကျေးဇူး..အစ်မ မသောက်ဘူး"
"...."
စကားပြောပြီးနောက်တွင် ဝိန်းရိဖန်က သတင်းအတွက် စီထားသည့်စကားလုံးများနှင့် အဆက်ပြတ်သွားခဲ့သဖြင့် ရေးပြီးသားနေရာအထိကိုသာ ခဏသိမ်းထားလိုက်၏။ထိုင်ခုံနောက်သို့မှီချလိုက်ပြီးနောက် ဖုန်းကိုဖွင့်ကြည့်လိုက်၏။
အရင်အိမ်ခန်းပိုင်ရှင်က သူမအား Wechat ထဲတွင် လွန်ခဲ့သောနှစ်နာရီခန့်က စာတစ်စောင်ပို့ထားခဲ့၏။
[ရှောင်ဝိန်းရေ..အိမ်ခန်းသော့ကို ထားခဲ့ပေးဖို့မေ့သွားတာလား]
ဝိန်းရိဖန် ကြောင်အမ်းသွားရင်း ရုတ်တရက်မည်သို့တုန့်ပြန်ရမှန်း မသိတော့ပေ။
သူမ ပြောင်းရွေ့သည့်ညက အိမ်ခန်းပိုင်ရှင်အား Wechat မှတဆင့် အကြောင်းကြားခဲ့သေးသည်။ သုံးလေးရက်ကြာပြီးနောက်၌လည်း အိမ်ခန်းပိုင်ရှင်က သူမအား စရံငွေနှင့်အိမ်ခန်းငှားခပိုနေသည့်ငွေများကို ပြန်လွှဲပေးခဲ့သေးကာ ထို့နောက်တွင်တော့ အဆက်အသွယ်မလုပ်ဖြစ်ခဲ့၏။
ထိုသော့က သူမအတွက်လည်း အသုံးမလိုတော့သည့်အတွက် ဤကိစ္စအား တွေးပင်မတွေးထားခဲ့ပြန်။
ဝိန်းရိဖန် ;
[ဟုတ်သားပဲ..အားနာပါတယ်နော်..အန်တီဘယ်အချိန်လောက်အားမလဲ..ကျွန်မ ပြန်လာပေးလိုက်မယ်နော်]
စကားကို ဤသို့ဤပုံ ပြန်ဖြေလိုက်ပါသော်ငြား ထိုသော့အား ဘယ်ဆီဘယ်ဝယ်တွင်ထားမိမှန်းတော့ ဝိန်းရိဖန် အစအနပင် မမှတ်မိချေ။
ပြုတ်ကျသွားတာတော့ မဟုတ်လောက်ဘူးမလား။
မဆီမဆိုင် ကျုံးစစ်ချောင်၏လက်ကောက်က စန်းရန်၏ဘားထဲ၌ ကျကျန်ခဲ့သည့်အကြောင်းအား ပြန်တွေးမိလိုက်ကာ သူမ အဲ့သည်လောက်ထိကံမဆိုးလောက်မည့်အကြောင်းတွေးမိနေရင်း တစ်စုံတစ်ယောက်က သူမအား မက်ဆေ့နှစ်စောင် ပို့လာခဲ့တော့၏။
ပေးပို့လာသူအမည်အား မြင်လျှင်မြင်လိုက်စချင်း ဝိန်းရိဖန်တစ်ယောက် မကောင်းသည့်အငွေ့အသက်များကို ခံစားမိလိုက်တော့၏။
သူမ အလိုလိုဖွင့်ဖတ်လိုက်သည်။
ပထမမက်ဆေ့တစ်စောင်က အိမ်ခန်းပိုင်ရှင်မှ ပြန်တောင်းနေသည့် သော့၏ပုံ။
ဒုတိယမက်ဆေ့မှာ...
စန်းရန် ; [ နည်းလမ်းတစ်ခုတည်းကို နှစ်ကြိမ်မသုံးဖို့ အကြံပေးပါရစေ ]
ထိုးခံထားရလည််း စန်းရန်ကောကောက ရွှိုက်...
(Zawgyi)
"ဒါနဲ့.."
Advertisement
- In Serial66 Chapters
My Brother's Best Friend
#2 In Romance |May 1,2019|#1 In Teen Fiction |May 18,2019|ONLY AND ORIGINAL BOOK!!!!"What are we going to tell your brother?" He says, his breath on my neck."Who says we have to tell him anything?"- - - Sixteen year old Emma knows better than to get involved with her brother's best friend, Jax. She's been keeping her feelings for him a secret for as long as she can remember. Until, one day she makes the mistake of kissing him. She doesn't know how much longer she can keep those feelings a secret before her brother finds out. Worst all, does Jax feel the same way?Can she manage to stay away from him...or does she go behind her brother's back?
8 282 - In Serial67 Chapters
Lucky Peasant Woman: Raising kids and making wealth
Ater blowing up the car of her husband and his mistress. Gu Chunzhu a business entrepreneur, opened her eyes and transmigrated to Xiaohetou Village, Ming Dynasty which was not in history. Having a crippled husband, two small skinny children. A thatched house that seemed to collapse anytime and will leak when it rains. It won't be easy...Novel not mine. Translations by me. [NekoCat Translations] // Fan madeAuthor: Fish flavored pork.Originally a CN novel.Chinese title: 旺家農婦:養包子發大財Author: 魚香肉絲包Ranked #1 Ancient China - 05/25/20 #1 Dailylife - 05/28/20 #3 Novel - 06/03/20 #1 Novel - 06/14/20 #1 FemaleProtagonist - 7/17/20
8 235 - In Serial17 Chapters
(girlxgirl) Not All Roses in Roselake
High school senior Alyssa Barron lands the role of a lifetime in the upcoming romance movie: Miles for Violets. Just when amateur Alyssa thinks she's ready to take on her first Hollywood blockbuster, she backs her cheap Corolla into a brand new Mercedes owned by the gorgeous and famous actress, Amber Roselake. Amber also just so happens to be her new co-star. Alyssa juggles high school, Hollywood and her growing romantic interest in celebrity Amber. But she already knows it's not gonna be a walk in the park and that it's not all roses in Roselake. (If you're looking for that cute cheesy lesbian romance story then you've found it right here!! It's an adorable little story that will make your heart warm!! I hope you guys like it!)
8 185 - In Serial41 Chapters
Subway Cars & Lonely Hearts
in which a college student accidentally leaves her journal on the subway and a hollywood star contacts the number inside.
8 154 - In Serial80 Chapters
My Savior || J.JK ✔
At a meeting of BTS with fans at a big event, word gets out that there is a known, famous hater attending. But she is armed. Everyone begins looking around for said person, that person being a girl with brown hair. Your eyes catch the girl a few meters away from you, your eyes widening as she points her gun at Jungkook. You got an adrenaline rush as you quickly run to the stage and climb on top, just in time to stand in front of Jungkook as she pulls the trigger.[Please, remember this is completely fictional. I mean no harm towards BTS or Jungkook in particular. Don't believe anything in this book since it's only fiction. Thank you ❤ ]
8 286 - In Serial19 Chapters
airplane ﹙short story﹚
(BXB) In which two strangers meet on an airplane.
8 120

