《First Frost (Myanmar Translation)》Chapter 23
Advertisement
မီးဖိုချောင်၏ဖွဲ့စည်းပုံစတုရန်းမီတာပတ်လည်က ခပ်ကျဥ်းကျဥ်းမျိုးမဟုတ်။
L ပုံသဏ္ဍာန် အနက်ရောင်စင်တစ်ခု၏ဘေးတွင် ရေခဲသေတ္တာရှိပြီး အပေါ်ဘက်တွင်ကား အဖြူရောင်နံရံကပ်ဗီဒို။ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများ များလာခြင်းကြောင့်သာ မီးဖိုချောင်အနေအထားက အနည်းငယ်ကျပ်ညှပ်သလို ခံစားနေရခြင်းဖြစ်သည်။
ဝိန်းရိဖန်က စန်းရန်အနားသို့လျှောက်သွားလိုက်ပြီး အိုးထဲတွင် ပျော့နေပြီဖြစ်သော ကြာဇံဖတ်များအား ငုံ့ကြည့်လိုက်၏။ တစ်ခဏလေးငြိမ်ကြည့်နေပြီးနောက်အင်္ကျီလက်ကိုခေါက်တင်ပြီး ရေပိုက်ခေါင်းကိုဖွင့်ကာ လက်ဆေးလိုက်သည်။ နောက်တွင် သူမ၏ဘေး၌ရှိနေသော ပစ္စည်းများအား လက်ညှိုးထိုးပြ၍
"ဒါဆို ငါ ဒီဟာတွေကို ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ရမလား"
စန်းရန်က လှမ်းကြည့်လာရင်း
"ဟင်းရွက်တွေချန်ခဲ့"
ဝိန်းရိဖန် ;
"အင်း"
သူမက အသားလုံးဘူးအား ကောက်ယူလိုက်သည့်အချိန် စန်းရန်က ;
"အသားလုံး မစားဘူးလား"
ဝိန်းရိဖန် တုံ့ခနဲရပ်သွားရင်း
"နင်စားချင်တယ်ဆိုရင် ထည့်လို့ရတယ်လေ"
"ဖက်ထုပ်ရော?"
"နည်းနည်းစီ ထည့်လိုက်လို့ ရတယ်"
"အို့"
စန်းရန်က ဘေးနားရှိ ပဲငံပြာရည်ဘူးအား လှမ်းယူရင်း တစ်ဆက်တည်းဆိုသလို ;
"ကိုယ့်ကို ကြက်ဥနှစ်လုံး ယူလာခဲ့ပေး"
"...."
ချက်ပြုတ်နေသည့်ဟင်းက ယခုလိုအခြေအနေမျိုးရောက်နေပြီဖြစ်ကာ စန်းရန် ဆက်လုပ်နေသည့်အရာများအပေါ် ဝိန်းရိဖန်နားမလည်နိုင်ပါတော့ချေ။ သူမအနေဖြင့် အစားအသောက်အား မဖြုန်းတီးလို ၊ ထို့ကြောင့် မတတ်နိုင်သည့်အဆုံးတွင်
"စန်းရန်"
"ဘာလဲ?"
ဝိန်းရိဖန်က အေးအေးလူလူဖြင့်သာသတိပေးလိုက်၏။
"နင် ကြာဇံတွေတစ်ထုပ်လုံးထည့်ထားတာနော်"
"...."
နောက်ဆုံးတွင် ဟင်းရွက်အချို့နှင့်မှိုများကိုသာထည့်လိုက်ပြီး ဝိန်းရိဖန်က ကျန်ပစ္စည်းများအား ရေခဲသေတ္တာထဲ ပြန်ထည့်သိမ်းလိုက်၏။ ပန်းကန်လုံးအကြီးတစ်လုံးနှင့်အသေးတစ်လုံးကို ထုတ်ယူလာပြီး ကြီးသည့်ပန်ကန်လုံးအား စန်းရန်ထံသို့ လှမ်းပေးလိုက်သည်။
စန်းရန်က လှမ်းယူပြီး ကြာဇံများအား ပန်းကန်လုံးထဲခူးထည့်၏။
ဝိန်းရိဖန်က ဘေးနားမှရပ်ကာ အိုးထဲမှလျှံကျလုနီးနီးကြာဇံများအား လှမ်းကြည့်နေရင်း တွေးလိုက်မိသည်မှာ လက်ရှိအခြေအနေကြီးထဲတွင် သူမအနေဖြင့် အနည်းငယ်လေးမျှသာကူစားပေးနိုင်မည်ဖြစ်ပြီး စန်းရန်က သူမအား တစ်ပန်းကန်ပြီးတစ်ပန်းကန် အတင်းအကြပ်စားခိုင်းမည်အား စိုးရိမ်မိလာတော့သည်။
ဘယ်လိုပင်ဖြစ်စေ စန်းရန်၏အကျင့်အရ ထိုသို့မလုပ်လာနိုင်ဘူးဟူ၍ အာမခံနိုင်ပေ။
ဝိန်းရိဖန် ;
"ငါ နင့်ကို အများကြီးကူစားပေးနိုင်မှာတော့ မဟုတ်ဘူးနော်"
စန်းရန်က ပန်းကန်လုံးကြီးထဲသို့ အခုလေးတင်ထည့်ပြီးဖြစ်ကာ သူမဆီမှ ပန်းကန်အား လှမ်းတောင်းနေရင်း
"ဟမ်"
ဝိန်းရိဖန်က လက်ထဲကိုင်ထားသည့် ပန်းကန်လုံးကို လှမ်းပေး၍
"ငါ ဗိုက်အရမ်းဆာနေတာမျိုးမဟုတ်လို့"
သူမ၏အမူအရာကို မြင်လိုက်ရသည့်စန်းရန်က သူမတွေးနေသည့်အတွေးကိုပါ တစ်ချက်ကြည့်ရုံဖြင့်နားလည်သွားခဲ့ပြီး ခပ်တည်တည်မျက်နှာထားဖြင့်
"သိတယ်"
နွေဦးရာသီပွဲတော်အစီအစဥ်များက ထုတ်လွှင့်နေဆဲဖြစ်ပြီး နှစ်ယောက်သားက အတူတူထိုင်နေကြလျှင်တောင် ပြောစရာစကားတို့ ရှိမည်မဟုတ်။
ဧည့်ခန်းထဲသို့သာ ပြန်ဝင်လာခဲ့၏။
အိုးထဲမှထည့်ထားခါစ ကြာဇံများကပူနေဆဲဖြစ်သောကြောင့် ဝိန်းရိဖန်က ပန်းကန်လုံးအား ကော်ဖီစားပွဲပေါ်သို့သာ တန်းချလိုက်သည်။
ဤအချိန်တွင် တီဗွီထက်၌ မျက်လှည့်အစီအစဥ်တစ်ခုထုတ်လွှင့်နေခြင်းဖြစ်ပြီး တင်ဆက်နေသည်မှာ တစ်ဝက်နီးပါးပင်ရှိပြီ။ ဝိန်းရိဖန်က အရှေ့ပိုင်းများကို မကြည့်ထားခဲ့သဖြင့် မည်သည့်အကြောင်းအရာကို ပြောဆိုနေကြမှန်း နားမလည် ၊ ဒီအတိုင်း ဝေဝေဝါးဝါးကြည့်နေခြင်းဖြစ်သည်။
တစ်ခဏကြာကြာ ကြည့်ပြီးသည်အထိ အကြောင်းအရာကို သဘောမပေါက် ၊ ထို့ကြောင့် ခေါင်းငုံ့ပြီး ဟင်းရည်တစ်ဇွန်းအားခပ်လိုက်သည်။
သုံးလေးစက္ကန့်မျှ ကြောင်ကြည့်နေမိပြီးမှ ဆက်၍ ဖြေးဖြေးချင်း သောက်လိုက်၏။
အရသာမှာ မထင်မှတ်ထားလောက်အောင် ကောင်းလွန်းနေခဲ့ကာ ဝိန်းရိဖန် သက်ပြင်းကြီးကြီးချမိရင်း မျက်လုံးအားပင့်ကြည့်လိုက်လျှင် စန်းရန်၏ ဖမ်းရခက်လွန်းသောအကြည့်များနှင့် ဆုံဆည်းသွားခဲ့တော့သည်။
"...."
ဝိန်းရိဖန် ဟင်းရည်အား မြိုချပြီးနောက် ယဥ်ကျေးသမှုဖြင့်
"နင့်ရဲ့ ကြာဇံပြုတ်က အရမ်းသောက်လို့ကောင်းတာပဲ"
"မင်းရဲ့ ဒီအမူအရာကြည့်ပြီး..."
စန်းရန်က ယခုချိန်ထိမလှုပ်မယှက်နေနေဆဲဖြစ်ပြီး စကားကိုဖြေးဖြေးချင်းဆိုလာ၏။
"ကိုယ် ခုဏတုန်းက ကြာဇံထဲကို ဘာအဆိပ်တွေများထည့်လိုက်မိသလဲဆိုပြီး ပြန်စဥ်းစားကြည့်နေတာ"
"...."
ဝိန်းရိဖန် ;
"နင် ဟင်းတွေဘာတွေချက်တတ်လိမ့်မယ်လို့ ငါ မထင်ထားမိလို့ပါ"
စန်းရန်က နှာတစ်ချက်မှုတ်လိုက်ရင်း စကားသံက အနည်းငယ်ဂုဏ်ယူပြနေသည့်အသံမျိုးဖြင့်
"ကိုယ် မလုပ်တတ်တဲ့အရာဆိုတာရော ရှိသေးလို့လား?"
ဝိန်းရိဖန် ;
"အများကြီးရှိတယ် မဟုတ်ဘူးလား"
စန်းရန်က မျက်ခုံးပင့်ပြ၍
"ဥပမာ?"
"ဥပမာ..."
ဝိန်းရိဖန် ခေတ္တခဏတွေးကြည့်လိုက်ရင်း
"ကြာဇံကို တစ်ယောက်စာကွက်တိ မချက်တတ်တာ"
"...."
ပွဲတော်ရက်ကြောင့်လည်း ဖြစ်နိုင်သလို ၊ စန်းရန် ချက်ပြုတ်နေသည့်အချိန်တုန်းက အနည်းငယ်ဆူဆူညံညံဖြစ်သွားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သေးကာ နှစ်ယောက်ကြားတွင် ပုံမှန်ချိန်များထက်ပိုပြီး ပလဲပနှံသင့်နေခဲ့ကြသည်။
ဤမတိုင်ခင်အချိန်က ဝိန်းရိဖန်တွေးထားခဲ့သည်မှာ အလုပ်မှပြန်ရောက်လာပြီးလျှင် ကိုယ်ကိုယ်တိုင်အတွက် နှစ်သစ်ကူးညစာတစ်ခုခုချက်ပြုတ်စားမည်ဟူ၍ပင်။ သို့သော်လည်း အိမ်ပြန်ရောက်လာသည့်အချိန်တွင်တော့ လှုပ်လှုပ်ရှားရှားမလုပ်ချင်လောက်အောင် ပျင်းရိနေခဲ့ပြီး ဗိုက်ဆာနေခြင်းမျိုးလည်းမရှိသည့်အတွက် ထိုအစီအစဥ်အားလက်လျော့ပစ်ခဲ့သည်။
ဝိန်းရိဖန်တစ်ယောက် ရုတ်တရက်ဆန်ဆန် ကသိကအောက်နိုင်သည့်ခံစားချက်ကြီး ဖြစ်တည်လာခဲ့ကာ သူမ၏ဘဝတွင် အကြီးဆုံးသခင်လေး စန်းရန် ကိုယ်တိုင်ချက်ပြုတ်ထားသည့် 'နှစ်သစ်ကူးညစာ' အား စားခွင့်ရှိလာလိမ့်မည်ဟု တစ်ခါလေးမျှပင် မတွေးထားခဲ့ဖူး။
ဝိန်းရိဖန် အစာစားသည့်အချိန်မျိုးတွင် နှေးကွေးနေခြင်းမရှိ ၊ အေးအေးလူလူဝါးနေခြင်းမျိုးသာရှိသော်လည်း ပန်းကန်လုံးတစ်လုံးစာမှာ တစ်ခဏလေးဖြင့်ကုန်သွားခဲ့တော့၏။
တီဗွီထက်မှအစီအစဥ်သည်လည်း ပြီးခါနီးဖြစ်သည့်အချိန်တွင် ဝိန်းရိဖန်က မတ်တပ်ထရပ်လိုက်၏။
သူမ၏လှုပ်ရှားမှုကို သတိထားမိလိုက်သည့် စန်းရန်က
"ဘာသွားလုပ်မလို့လဲ"
ဝိန်းရိဖန်က မီးဖိုချောင်ရှိရာ လက်ညှိုးထိုးပြ၍
"ကြာဇံသွားယူမလို့"
"...."
တစ်ဖက်လူက အလွန်အကျွံချက်မိသွားခြင်းကြောင့်သာ သူမအား အနည်းငယ်ကူစားခိုင်းခြင်းမှန်းသိပါသောကြောင့် အခြားသူ၏အစားကို မျှစားလျှင် နှုတ်ချိုရဆိုသောအဆိုအရ ဝိန်းရိဖန်က
Advertisement
"နင့်အတွက်ရော ထပ်ယူလာခဲ့ပေးရမလား"
"မစားနိုင်ရင် မစားနဲ့တော့"
စန်းရန်က သူမအား အပေါ်မှအောက်ထိတစ်ချက်လှမ််းကြည့်၍
"စားပြီးဗိုက်တင်းသွားရင် ကိုယ့်ခေါင်းပေါ် အပြစ်လာတင်နေဦးမယ်"
"မလုပ်ပါဘူး..ငါကိုယ်တိုင်က စားချင်လို့"
"...."
သူ့ပန်းကန်လုံးထဲတွင် တော်တော်များများကိုကျန်နေသေးသောကြောင့် ဝိန်းရိဖန်က ထပ်မမေးတော့ဘဲ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။ အစားများပြီး ညအိပ်မပျော်မှာစိုးရိမ်သည့်အတွက် ပန်းကန်လုံးတစ်ဝက်စာသာထည့်ပြီး ဟင်းရည်အပြည့်ဖြည့်လိုက်၏။
ဆိုဖာဆီသို့ ပြန်လျှောက်လာပြီး နေရာတကျပြန်ထိုင်လိုက်ကာ စန်းရန်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သေး၏။
ဘယ်အချိန်ကတည်းကစမှန်းမသိ ၊ သူက မျက်ခုံးများကိုဖြေလျော့ထားပြီး ကိုယ်နေဟန်ထားက ပေါ့ပေါ့ပါးပါးရှိလှကာ လောလောဆယ်စိတ်ကြည်နေပုံရသည်။
လက်ရှိအချိန်တွင် သူ့အကြည့်များက တီဗွီဖန်သားပြင်ပေါ်သို့ ဦးတည်ထား၏။
ဝိန်းရိဖန်လည်း မျက်တောင်များခတ်ရင်း တီီဗွီရှိရာဘက်သို့လှည့်ကြည့်လာခဲ့၏။ အရင်ထုတ်လွှင့်နေသည့် မျက်လှည့်အစီအစဥ်ပြီးဆုံးသွားခဲ့ကာ လက်ရှိတွင် နာမည်ကြီးမင်းသမီးများ၏သီချင်းဖျော်ဖြေတင်ဆက်မှု အစီအစဥ်ကိုထုတ်လွှင့်နေခြင်းဖြစ်သည်။
မျက်နှာထက်တွင် ရောင်စုံကာလာများနှင့်အတူ အပြုံးများချိတ်ဆွဲထားပြီး သီချင်းဆိုသံကလည်း သာယာလှကာ အရာရာတိုင်းက မျက်စိပဒေသာ နားပဒေသာ ရှိလှသည်။
အို့။
ဝိန်းရိဖန် ရုတ်ချည်း နားလည်သဘောပေါက်လိုက်မိ၏။
အချိန်မှာ နောက်ကျနေပြီဖြစ်ကာ ဝိန်းရိဖန်အနေဖြင့် ဧည့်ခန်းထဲ၌ ဤမျှထိကြာကြာနေရန် မတွေးထားခဲ့ ၊ မသိလိုက်ပါဘဲနှင့် ည ၁၂ နာရီကျော်သွားခဲ့ပြီဖြစ်၏။။
နှစ်ယောက်စလုံးက ဆိုဖာ၏အစွန်းနှစ်ဖက်တွင် ထိုင်နေကြပြီး အချင်းချင်းအပေးအယူမျှမျှစကားပြောဆက်ဆံခြင်းမျိုးမလုပ်ပါသော်လည်း မည်သူကမှစပြီး အိပ်ခန်းထဲသို့ ပြန်ကြခြင်းလည်းမရှိ ၊ တစ်ခါတစ်ခါ အစီအစဥ်များနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်က မှတ်ချက်ပြုသည့်အခါမျိုးတွင် စန်းရန်က မတိုးမကျယ်လေသံနှင့် 'အင်း' ဟု ပြန်ဖြေပေးနေခဲ့သေးသည်။
နှစ်သစ်တစ်နှစ်သို့ ရောက်လာခဲ့ရပြီ။
ရုတ်တရက်ဆိုသလို သူတို့နှစ်ဦးဟာ နှစ်သစ်ကူးကို အတူတူဖြတ်သန်းနေကြခြင်းဖြစ်မှန်း ဝိန်းရိဖန် သတိရမိလိုက်တော့သည်။
ထိုအချိန် ဖုန်းမက်ဆေ့သံက သုံးလေးကြိမ်တုန်ခါသွားခဲ့၏။
ကျုံးစစ်ချောင်နှင့်ရှန့်လန်တို့ အုပ်စုဖွဲ့ထားသည့်မက်ဆေ့ဘောက်စ်ထဲ အပြန်ပြန်အလှန်လှန် နှစ်သစ်ဆုတောင်းပေးနေကြခြင်းဖြစ်သည်။
ဝိန်းရိဖန်က လက်ချောင်းလေးများလှုပ်ပြီး ပြန်စာပို့မည့်အခိုက်တွင် သူမ၏မျက်ဝန်းထောင့်စွန်းမှနေ၍ လှမ်းမြင်နေသည့် စန်းရန်မှာ မျက်တောင်များကိုအောက်စိုက်ထားပြီးဖုန်းကြည့်နေလေသည်။ သူမ မတ်တပ်ထရပ်လိုက်ပြီးနောက် နွေးနွေးထွေးထွေးရှိလှသည့်အသံတို့ဖြင့်
"ငါ သွားအိပ်နှင့်တော့မယ်နော်"
စန်းရန်က ဖြေးဖြေးချင်းမော့ကြည့်လာ၏။
ဝိန်းရိဖန်က သဘာဝကျကျပုံစံဖြင့်ပင် ထပ်၍ စကားဆိုလိုက်၏။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
စန်းရန်က သူမအား ကြည့်နေဆဲ။
သူမအနေဖြင့် စန်းရန်ထံမှ တလေးတစား တယဥ်တကျေးဖြင့် ပြန်ပြောလာမည့်စကားများကို လုံးဝမမျှော်လင့်ထားသည့်အတွက် သူမစကားဆုံးသည်နှင့် အိပ်ခန်းဆီသို့လျှောက်သွားရန် ပြင်လိုက်တော့သည်။
သို့သော် ယနေ့ညတွင် စန်းရန်၏အမူအကျင့်တို့က မထင်မှတ်ထားလောက်အောင် ကောင်းမွန်နေခဲ့ပြီး သူမအား အမှန်တကယ်ကို တလေးတစားရှိသည့်ဟန်မျိုးဖြင့် ပြန်ဆက်ဆံလာခဲ့၏ ၊ အသံအနေအထားမှာတော့ အရင်ကအတိုင်း အထိုက်အလျောက်ပြန်ပြောရသည့်လေသံမျိုး။
"အင်း..နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
အိပ်ခန်းထဲသို့ရောက်ပြီးနောက်တွင် ဝိန်းရိဖန်က အချိန်တစ်ခဏယူပြီး မက်ဆေ့များ ပြန်စာပို့လိုက်၏။ သိပ်မကြာလိုက်ပါဘဲ လက်ကိုင်ဖုန်းအား ပြန်ချထားလိုက်ကာ အလိုလိုငိုက်မြည်းလာတော့သည်။ မီးအိမ်ကိုပိတ် ၊ မှောင်မည်းသွားသည့်လေဟာပြင်ကိုစိုက်ကြည့်ရင်း အတွေးများက စပြီးပြန့်ကျဲလာလေတော့၏။
ယခုလေးတင်ဖြစ်သွားသည့် အဖြစ်အပျက်များအား ပြန်တွေးကြည့်မိရင်း...
နားလည်ရခက်လှသည့် အတွေးတစ်ခုက ခေါင်းထဲပြေးဝင်လာတော့၏။
လက်စသတ်တော့ နွေဦးရာသီပွဲတော်အစီအစဥ်တွေကလည်း တော်တော်လေးကြည့်လို့ကောင်းပါတယ်...
အတွေးများပြန်ရုတ်သိမ်းပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်လုနီးနီးအချိန်တွင် ရုတ်တရက် ပန်းကန်လုံးပြည့်စားထားသေးကြောင်း သတိရလိုက်ရကာ အိပ်ရာထဲမှချက်ချင်းထပြီး သွားတိုက်ရန်ပြင်လိုက်သည်။ ကိုယ်လက်သန့်စင်ပြီးနောက်တွင်တော့ အိပ်ချင်စိတ်ပြန်ပျောက်သွားခဲ့ရကာ ယခုလိုအတွေးများတသီတသန်းနှင့်သာဆိုလျှင် ဘယ်အချိန်မှအိပ်ပျော်နိုင်မည်မှန်း မသိပါတော့၏။
ဝိန်းရိဖန်တစ်ယောက် မသိုးမသန့်ဖြစ်သွားရသည့်စိတ်လေးလည်း ဖြစ်တည်လာရသေးသည်။ ဤတစ်ကြိမ်မှာ သူတို့နှစ်ဦး ပြန်ဆုံကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထမင်းလက်ဆုံစားကြခြင်းပင်။
ထို့အပြင် တစ်ယောက်နှင့်တစ်ယောက်ကြားတွင် ပုံမှန်နှင့်ဆန့်ကျင်စွာလည်း အေးချမ်းနေခဲ့ကြသေးသည်။ ကြည့်ရသည်မှာ နှစ်သစ်ကူးပွဲတော်၏အငွေ့အသက်များကြောင့် တင်းမာနေခဲ့သည့်ဆက်ဆံရေးက ပြေလျော့သွားပုံရသည်။
ထိုအခါ သူမအနေဖြင့် ရင်းနှီးသောခံစားချက်များကို ခံစားမိလိုက်ရင်း အချိန်ကာလများဟာ အထက်တန်းဒုတိယနှစ်-ဒုတိယနှစ်ဝက်စာသင်နှစ်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြားရှိ ကာလများဆီသို့ ပြန်ရောက်သွားခဲ့ရသလို...
ထိုအချိန်တုန်းက ဝိန်းရိဖန်သည် 'ပေယွီ'မြို့သို့ ပြောင်းလာခါစဖြစ်ပြီး ပတ်ဝန်းကျင်အသစ်တွင် လအတော်ကြာသည်အထိ နေသားမကျခဲ့သေးပေ။ နန်းဝူ အမှတ် (၁) အထက်တန်းကျောင်းမှာနှင့်ယှဥ်လျှင် သူမက ပို၍တိတ်ဆိတ်လာခဲ့ပြီး အနီးဆုံးကျောင်းဆောင်တစ်ခု၌သာနေထိုင်၍ နှစ်ပတ်တစ်ခါသာ အိမ်ပြန်ဖြစ်ခဲ့သည်။
နေ့စဥ်နေ့တိုင်း စာသင်စာကျက်သည်ကလွဲ၍ ဘာမှလည်းမလုပ်။ လက်ကိုင်ဖုန်းကိုပင် တစ်ခါတစ်လေမှသာဖွင့်ကြည့်လေ့ရှိပြီး များသောအားဖြင့် စန်းရန်ထံသို့ သူမ၏အမှတ်စာရင်းများကို ပေးပို့သည့်အချိန်မျိုးများပင်။
အထက်တန်း ဒုတိယနှစ်၏ နောက်ဆုံးစာမေးပွဲပြီးနောက် ရက်အနည်းငယ်ကြာပြီးချိန်တွင် ဝိန်းရိဖန်က စန်းရန်ထံမှ မက်ဆေ့များကို ထပ်၍ရရှိလိုက်၏။
စန်းရန် ; [ မင်း အခု အားလား? ]
ဤမက်ဆေ့ကိုမြင်မြင်လိုက်ချင်းတွင် ဝိန်းရိဖန်က စန်းရန်လိုက်လာတော့မည့်အရိပ်အယောင်မျိုးကို ခံစားလိုက်ရသေး၏။
ဝိန်းရိဖန် ; [ ဘာဖြစ်လို့လဲ ]
စန်းရန် ; [ ပထမဆုံးအကြိမ် ပေယွီကို လာတာမလို့..လမ်းမသိဘူး ]
စန်းရန် ; [ မအားဘူးဆိုလည်း ဘာမှမဖြစ်ဘူး ]
နန်းဝူမြို့နှင့် ပေယွီမြို့ မှာ အလှမ်းဝေးလွန်းသည့်မြို့များမဟုတ် ၊ အမြန်ရထားဖြင့်ဆိုလျှင် အချိန်တစ်နာရီမျှသာ ကြာချိန်ရှိမည့်ခရီးဖြစ်သည်။
ဝိန်းရိဖန်အနေဖြင့် စန်းရန်က ယခုလိုမျိုးရောက်ချလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ခြင်းဖြစ်ရာ ထိုမက်ဆေ့ကိုမြင်မြင်လိုက်ချင်းတွင် တော်တော်ကြာကြာဆွံ့အနေမိပြီးနောက် ချက်ချင်းဆိုသလိုလည်း သူရောက်နေသည့်နေရာအား မေးကာ အပြင်ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တုန်းက ပေယွီမြို့တွင် ရက်တော်တော်ကြာမိုးရွာထားသဖြင့် အပူချိန်တို့က မရှိသလောက်ကိုကျနေခဲ့သည့်အချိန်။ စန်းရန်က သူမ၏အိမ်လိပ်စာအား မသိ ၊ အထက်တန်းကျောင်းလိပ်စာကိုသာ သိ၍လည်း သူမတက်နေသည့်ကျောင်း၏ဂိတ်ပေါက်ဝတွင် ရပ်စောင့်နေခဲ့သည်။ သူက ရှပ်အင်္ကျီလက်တိုဝတ်ထားသော်ငြား အအေးဒဏ်ကိုမမှုသည့်ပုံစံ ၊ သူမအား လှမ်းမြင်လိုက်ရသည်နှင့် မျက်ခုံးများပင့်မြှောက်ရင်း ပြုံးပြလာခဲ့၍
Advertisement
"ရောက်လာတာ မြန်လိုက်တာ"
ထိုအချိန်မတိုင်ခင်ကအထိ နှစ်ယောက်သားကြားတွင် စကားမပြောဖြစ်ခဲ့ကြသည်မှာ အလွန်ကြာနေခဲ့ပြီလည်းဖြစ်၏။
ဝိန်းရိဖန် ပေယွီမြို့သို့ ပြောင်းလာခဲ့သည့်အချိန်ကိုမဆိုထားနှင့် သူမ ကျောင်းမပြောင်းခင် ရက်သတ္တပတ်အလိုကတည်းက နှစ်ယောက်သားက ကျောင်းထဲ၌ သူစိမ်းများလို ပြန်ဖြစ်သွားခဲ့ရခြင်းပေ။
ထို့ကြောင့် စန်းရန်၏ ထိုစကားတစ်ခွန်း အစ ၊ ဝိန်းရိဖန်၏ 'အင်း' ဆိုသည့်စကား အဆုံး တွင် ပတ်ဝန်းကျင်က တိခနဲပြန်တိတ်ဆိတ်သွားခဲ့တော့သည်။
မိနစ်စက္ကန့်တော်တော်ကြာသွားပြီးနောက်။
စန်းရန်က ;
"တစ်ခုခု သွားစားမလား"
ဝိန်းရိဖန်က တုန့်ပြန်မှုတစ်ခုပြုပြီးနောက် အနီးအနားရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်သို့ ခေါ်လာခဲ့သည်။
နှစ်ဦးသားက အချိန်တစ်ခုစာ စားသောက်နေကြရင်း ဘေးနားရှိ လူတစ်ယောက်၏ဖြစ်တည်မှုကို ခံစားမိစိတ်က ပြင်းထန်လွန်းနေခဲ့ကာ ဝိန်းရိဖန်ကစပြီး တိတ်ဆိတ်နေမှုကို ဖြိုဖျက်သည့်အနေဖြင့် ငြင်ငြင်သာသာစကားဆိုလိုက်၏။
"နင် ဘယ်အချိန်ပြန်မှာလဲ?"
စန်းရန်က မျက်လုံးပင့်ကြည့်လာ၍
"မင်း ဘယ်အချိန် အိမ်ပြန်ရမှာလဲ"
ဝိန်းရိဖန် ;
" ၆နာရီလောက် "
"အို့"
စန်းရန်က ကိုင်ထားသည့် တူကို ရပ်ထားလိုက်ရင်း နှုတ်ခမ်းပါး လှစ်ခနဲကွေးလိုက်၍
"ဒါဆို ငါ ၆နာရီမှ ပြန်မယ်"
ထိုတစ်ကြိမ် စတင်လိုက်ခြင်းမှ စ၍ နောက်ပိုင်းတွင် စန်းရန်က မကြာခဏဆိုသလို ပေယွီသို့ရောက်လာပြီး သူမအား လာရှာလေ့ရှိခဲ့၏။
ရောက်လာသည့်အကြိမ်တိုင်းတွင်လည်း တစ်ခုခုစားပြီး ပြန်သွားခြင်းမျိုးဖြစ်ကာ သူမ၏အချိန်ကို အများအစားဖဲ့ယူနေခြင်းလည်းမဟုတ် ၊ နှစ်ယောက်စလုံးက ကိုယ်စီကြုံတွေ့နေရသည့်ကိစ္စများကို ဖလှယ်နေကြခြင်းလည်းမဟုတ်ပါဘဲ မျက်နှာချင်းဆိုင်ဆုံကြရုံလေးသာ။
အခြားဦးတည်ချက်ဟူ၍လည်း မရှိခဲ့၏။
-----
ဆက်လက်ရောက်လာသည့် ရှေ့လျှောက်ရက်များတွင်။
စန်းရန်က မနက်ခင်း၌ ပုံမှန်အချိန်တိုင်း အိမ်မှထွက်သွားပြီး ည ၈နာရီဝန်းကျင်၌ ပြန်ရောက်လာခဲ့သည်။ ပြန်လာသည့်အချိန်မှာ လုံးဝနီးပါးပုံသေလိုဖြစ်နေခဲ့သဖြင့် မသိလျှင် အိမ်ပေါ်မှအချိန်မှန်နှင်ချခံလိုက်သည့်အတိုင်းပင်။
ဝိန်းရိဖန်က တစ်ခါတစ်လေ သူ့ဆွေမျိုးများက ခန့်မှန်းချေဘယ်အချိန်ပြန်ကြမည်ဖြစ်ကြောင်း စူးစမ်းကြည့်သော်လည်း သူ့ပုံစံက ထိုကိစ္စအပေါ်အာရုံလုံးဝရှိမနေသည့်အလား 'မသိဘူး' ဟူ၍သာ ပြန်ဖြေလေ့ရှိသည်။ သူမကိုယ်သူမ ဤပြဿနာထဲ ကိုယ်တိုင်ဝင်ခံစားကြည့်လိုက်သည့်အခါမျိုးတွင် မဆီမဆိုင် စန်းရန်အား သနားသွားတတ်သေး၏။
နှစ်သစ်ကူးအခါတွင် အိမ်ပေါ်မှ နှင်ချထားခံရလေခြင်း...
နောက်တွင်တော့ ဤကိစ္စနှင့်ပတ်သတ်၍ သူ့အား မေးမြန်းပြောဆိုခြင်းများ မပြုဖြစ်တော့၏။
နှစ်သစ်ကူးပြီး သုံးရက်မြောက်သည့်နေ့လည်ခင်းတွင်။
ဝိန်းရိဖန်က ရေချိုးခန်းထဲမှထွက်လာလာချင်းတွင် လက်ကိုင်ဖုန်းအား ဖွင့်ကြည့်ရာ လွန်ခဲ့သောဆယ်မိနစ်ခန့်မှ စန်းရန်ပို့ထားသည့်မက်ဆေ့များကို မြင်လိုက်ရ၏။
စန်းရန် ; [ ကိုယ် ညနေကျရင် ပြန်လာမှာ ]
စန်းရန် ; [ ကိုယ့်ညီမကို ခေါ်လာဖြစ်ဖို့များတယ် ]
မိနစ်တစ်ခုစာကြာပြီးနောက်။
စန်းရန် ; [ အဆင်ပြေမပြေ? ]
နှစ်ယောက်သား အိမ်ခန်းမျှမနေခင်တုန်းက ဝိန်းရိဖန်ဘက်မှ တစ်ယောက်ယောက်အား အိမ်ခေါ်မလာခင် တစ်ဖက်လူကိုအသိပေးရမည့်အကြောင်း စည်းကမ်းချက်ထုတ်ထားခဲ့ဖူးသည်။
ဝိန်းရိဖန် ; [ ရတယ် ]
ပြန်စာပို့ပြီးနောက်တွင် ဝိန်းရိဖန်က ဤကိစ္စအား စိတ်ထဲမထည့်တော့ဘဲ ကွန်ပျူတာကိုဖွင့် ၊ အစီအစဥ်တစ်ခုရှာပြီး ကြည့်နေခဲ့စဥ် သတိမထားလိုက်ခင်လေးအတွင်း အချိန်မှာ ညစာစားချိန်သို့ ရောက်လာခဲ့သည်။ ထို့ကြောင့် အခန်းထဲမှထွက်လာပြီး ရေခဲသေတ္တာထဲမှ ဒိန်ချဥ်တစ်ဘူးအား သွားယူရန်ပြင်လိုက်၏။
ထိုအချိန် အိမ်တံခါးဖွင့်သံကြားလိုက်ရ၏။
ဝိန်းရိဖန်က အသံကြားရာအတိုင်းလှမ်းကြည့်လိုက်လျှင် စန်းရန်က အိမ်သော့ကိုကိုင်လျက် လျှောက်ဝင်လာပြီး လက်ထဲ၌ အိတ်ကြီးအိတ်ငယ်မျိုးစုံကိုဆွဲထားကာ သူ့အနောက်မှလူအား စကားလှမ်းပြောနေ၏။
"ခြေဗလာနဲ့ပဲနေတော့..ဖိနပ်အပိုမရှိဘူး"
နောက်တစ်စက္ကန့်တွင် စန်းကျီ၏ပုံရိပ်လေးက ဝိန်းရိဖန်၏မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။
စန်းကျီက သူမစီးလာသည့်ဖိနပ်ကိုလည်း အလောတလျင်မချွတ်သလို စန်းရန်၏စကားကိုလည်း မတုန့်ပြန်။ အိမ်ထဲရောက်ရောက်ချင်း ပထမဆုံးလုပ်လိုက်သည့်အရာက ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်နေခြင်းဖြစ်ပြီး ဝိန်းရိဖန်ကို မြင်လိုက်ရသည်နှင့် အကြည့်များက သူမအပေါ်၌သာကပ်ညှိနေတော့ကာ ချက်ချင်းစကားဆိုလာခဲ့သည်။
"ကိုကို..ဟိုမမက ကိုကို့ကောင်မလေးလား"
စန်းရန်က အသံမထွက်ပေ။
ဝိန်းရိဖန်ကသာ ပြုံးပြလိုက်ရင်း အဖြေပေးလိုက်၏။
"မဟုတ်ပါဘူး..မမတို့က အိမ်ခန်းငှားဖော်တွေ"
"အို့..ဒီလောက်ကြီးထိ ချောနေတာ...."
စန်းကျီက မျက်တာင်ခတ်ရင်း လေသံဖွဖွလေးသာဆိုလိုက်၏။
"အိမ်ခန်းငှားဖော်ပဲ ဖြစ်နိုင်မှာပါလေ"
"...."
ဝိန်းရိဖန်က သူတို့နှစ်ဦးအား အနှောက်အယှက်မပြုလိုတော့သဖြင့် ဒိန်ချဥ်ဘူးကိုယူပြီး အိပ်ခန်းထဲသို့ဝင်ရန် တွေးလိုက်သည့်အခိုက်တွင် စန်းကျီက နောက်ထပ်လှုပ်လှုပ်ရှားရှားဖြစ်လာ၍
"မမ..မမနဲ့ ညီမလေးရဲ့ကိုကိုက အထက်တန်းကျောင်းတုန်းကသူငယ်ချင်းတွေမလား"
ဝိန်းရိဖန်က တစ်ခဏကြောင်အမ်းသွားရင်း
"မမကို မှတ်မိနေသေးတာလား"
ဝိန်းရိဖန်နှင့်စန်းကျီတို့ ဆုံဖူးကြသည့်အကြိမ်ရေမှာ လက်ချိုး၍ပင် ရေတွက်လို့ရသည်။ ထိုအချိန်တုန်းက စန်းကျီသည် သေးသေးလေးဖြစ်ပြီး အရွယ်ပင်မရောက်သေး ၊ ထို့အပြင် နှစ်တော်တော်ကြာသွားခဲ့ပြီဖြစ်၍လည်း ဝိန်းရိဖန်က စန်းကျီမေ့သွားလောက်ပြီဟုပင် ထင်မှတ်ထားမိကာ ယခုလိုမျိုးမှတ်မိနေလိမ့်မည်ဟု မတွေးထားမိခဲ့၏။
ထိုအချိန်တုန်းက ကလေးလေးက ယခုတွင် ပိန်ပိန်ပါးပါးဖြင့်အရပ်မြင့်လာသည်ကိုကြည့်ရင်း ဝိန်းရိဖန်က မနေနိုင်အောင်စကားအနည်းငယ်ဆိုမိတော့၏။
"ညီမလေးက အဲ့အချိန်တုန်းက လမ်းပျောက်ရင်း မမဆီရောက်လာပြီး ကိုကို့ကို ကူရှာခိုင်းတာ..ပြီးတော့ မမကို ရေခဲမုန့်ဝယ်ကျွေးချင်တယ်ဆိုပြီး ပြောတာလေ..မှတ်မိသေးလား"
စန်းကျီက ပြန်တွေးကြည့်နေရင်း အမှန်တိုင်းပြောလာခဲ့၏။
"မဟုတ်ပါဘူး"
ဝိန်းရိဖန် ;
"အမ်?"
"ညီမလေး အဲ့အချိန်တုန်းက လမ်းမပျောက်ဘူး"
စန်းကျီက ဖြေးဖြေးချင်းဖြင့်
"ဒါပေမယ့် ကိုကိုက ညီမလေးကိုလမ်းပျောက်တယ်လို့ပဲ ပြောနေလို့"
"...."
"ညီမလေး လမ်းပျောက်လိုက်ရတာ"
"...."
-------
မှတ်ဥာဏ်များအရ ထိုအချိန်မှာ အထက်တန်း ပထမနှစ် - ပထမ စာသင်နှစ်ဝက်မှ ကျောင်းပိတ်ရက်တစ်ရက် ဖြစ်ပါလိမ့်မည်။
ထို့နေ့က သူမ ဘာကိစ္စအတွက်ကြောင့်အပြင်ထွက်လာမှန်း မမှတ်မိနိုင်တော့သော်ငြား သူမ စျေးဝယ်နေသည့်အချိန် ကလေးလေးတစ်ယောက်က သူမရှေ့သို့ပြေးလာပြီး ရေခဲမုန့်လိုက်ကျွေးချင်သည့်အကြောင်း ပြောလာခြင်းကိုတော့ မှတ်မိနေပါသေးသည်။
တစ်ခဏအကြာတွင် ထိုကလေးလေးက သူမရောက်လာရခြင်း၏အဓိကဦးတည်ချက်ကို ပြန်မှတ်မိသွားပုံရကာ ဝါကျတစ်ကြောင်း ထပ်၍ပြောလာခဲ့သည်။
"မမ..ညီမလေးရဲ့ကိုကို ကိုရှာမတွေ့တော့လို့"
ဝိန်းရိဖန်လည်း ကြောင်အမ်းသွားရင်း
"ညီမလေးက ကိုကိုနဲ့ လူချင်းကွဲသွားတာလား"
စန်းကျီက ခေါင်းလေးစောင်းကြည့်ရင်း ဇဝေဇဝါဖြင့် 'အင်း' ဟု ဆိုလာခဲ့သည်။
ဝိန်းရိဖန် ;
"ဘယ်နားလေးကနေ လမ်းလွှဲသွားခဲ့ကြတာလဲ"
ဤစကားကိုကြားလျှင်ကြားလိုက်ရချင်း စန်းကျီက တစ်ဖက်သို့လှည့်ပြီး ဟိုးအနောက်ဘက်ရှိသစ်ပင်ကြီးတစ်ပင်အား လက်ညှိုးထိုးပြ၍
"အဲ့နားလေး"
ဝိန်းရိဖန်က ထိုနေရာသို့လှမ်းကြည့်လိုက်သော်လည်း မည်သူမှရှိမနေ။ သူမ လက်ထဲတွင်ကိုင်ထားသည့်ပစ္စည်းများကို အောက်ချပြီး အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်လိုက်၍
"ဘာမှမဖြစ်ဘူးနော်..ကိုကိုရဲ့ဖုန်းနံပါတ်ကိုရော မှတ်မိလား"
စန်းကျီ ခေါင်းရမ်းပြ၍
"မမှတ်မိဘူး"
"...."
"ဒါပေမယ့် အဲ့နားလေးလောက်မှာပဲ ရှိမှာ"
စန်းကျီက ဝိန်းရိဖန်၏လက်ကို အရင်လှမ်းဆွဲလိုက်ပြီး မျက်လုံးဝိုင်းဝိုင်းများပေါ်ရှိ မျက်တောင်များကပုတ်ခတ်ပြနေကာ
"မမ..ညီမလေးကို အဲ့နားလေးထိ ခေါ်သွားပေးလို့ရမလား..တစ်ယောက်တည်းသွားရမှာ ကြောက်လို့"
ဝိန်းရိဖန်က စိတ်လိုလက်ရပြုံးပြရင်း
"ရတာပေါ့"
ထိုနေ့က နေရောင်ခြည်မှာ တော်တော်လေးပြင်းပြီး မျက်နှာပေါ်ဖြတ်ပြေးသွားသည့်လေညှင်းကအစ အနွေးဓါတ်များအပြည့်။
ဝိန်းရိဖန်က ထီးဖွင့်လိုက်ပြီး စန်းကျီသေးသေးလေး၏ဦးဆောင်ဆွဲခေါ်ရာနောက် ပါသွားခဲ့တော့၏။ ထိုသေးသေးလေးက အရပ်ပုပု ခြေလှမ်းသေးသေးလေးများဖြစ်သော်ငြား လမ်းလျှောက်ရာတွင်ခုန်ဆွခုန်ဆွဖြင့်မြန်လွန်းပြီး အလွန်အမင်းတက်ကြွနေသည့်ပုံမျိုးလေးပင်။
စန်းကျီက ညွှန်ပြထားသည့်သစ်ပင်ကြီးဆီသို့ တည့်တည့်မတ်မတ်ဆွဲခေါ်လာခဲ့ခြင်းဖြစ်ရာ သစ်ပင်နားရောက်သည့်အချိန်တွင်တော့ ဝိန်းရိဖန်က တစ်စုံတစ်ရာကပုံမှန်မဟုတ်နေသလို ခံစားမိလာရတော့၏။
ထို့အပြင် ဤကလေးလေး၏ဦးတည်ချက်က အရမ်းကိုသိသာလွန်းနေသလိုလို။ သူမပြောနေသည့် ကိုကိုဆိုသည့်လူက ဤနေရာ၌ရှိနေသည်မှာ လုံးဝသေချာနေသည့်အလား။
ဝိန်းရိဖန်တစ်ယောက် ကလေးဗန်းပြပြီး လူကုန်ကူးနေသည့်လူဆိုးဂိုဏ်းများအကြောင်းကို တွေးလိုက်မိတော့၏။
နောက်စက္ကန့်ပိုင်းတွင်တော့ ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်နှင့် စန်းရန်၏ပုံရိပ်က သူမ၏မျက်လုံးထဲ ပြေးဝင်လာခဲ့ကာ သူမ၏စိတ်ထဲ မရေရာမသေချာသည့်အတွေးတစ်ခုက လှစ်ခနဲပေါ်လာလေတော့သည်။
Advertisement
- In Serial31 Chapters
Childcare Diaries
When I opened my eyes, I became the nanny from a book I once read.
8 299 - In Serial39 Chapters
The Jock's Blackmail
Unknown Number:Well you gotta give me something! Hell, anything! You can't just dangle this in front of me for the rest of my life!Me:I wasn't planning on it...Unknown Number:Blackmail is a crime, you know! Me:I'M NOT BLACKMAILING YOU!Unknown Number:WHERE'S YOUR SENSE OF ADVENTURE! YOU GET AN OPPORTUNITY LIKE THIS AND YOU SEIZE IT!! JEEZE!!! AND HERE I WAS HOPING YOU'D DO SOMETHING!!!Me:...you want me to...blackmail you??
8 189 - In Serial11 Chapters
Flower Fit for a Vampire
Genevieve Paris was normal. She had normal friends, a normal school, and normal thoughts. She was you average teenage girl with only worries of school and her family implanted in her mind. Yet, like that of a fantasy novel, she was suddenly stripped of anything normal. The word 'normal' was stolen from her life's vocabulary. Back in her normal days, if you were to tell her that there was a secret world within Earth, she would have laughed and waved it off. Now, she's conflicted. She finds herself on the border of real-life and fantasy. Who would have thought that touching a single flower would change your life forever? Now, living with strange powers, even stranger people, and an annoying voice in her head, Genevieve can't seem to keep a steady foot in life. Especially not with demons crawling around for blood.
8 167 - In Serial23 Chapters
The math teacher is an evil sorcerer... and other stories I told myself
With her best friend on the other side of the country and her brother on the other side of the ocean, Tara Brooks finds herself alone... Which is completely fine with her. It gives her all the time in the world to keep her head in the clouds and develop the world of her imaginary alter ego, 'A'rat the Barbarian'. She plans to spend the rest of summer in her fantasy world and is delighted when a new specialty bookstore opens in town, giving her the chance to share her hobby with new friends, and maybe learn something about herself...
8 85 - In Serial42 Chapters
Bound by Fate
The fate of a not so human king and a definitely human girl became entangled in a single meeting.A teenage girl from the 21st century somehow ended up lost in a forest, only to get taken to a castle where everyone acted as if it were the medieval times.A king found his soul mate in a modern era human girl who he, by some miracle, managed to cross paths with.Will the King and the human girl survive their bound fates that were set in stone from the moment his eyes locked on hers?~Please do not steal anything.This was published for fun. Keep criticism to a minimum. Please. Hate comments are not nice when you are the one receiving them.~Started: 17 August 2019Finished: 8 July 2021
8 146 - In Serial16 Chapters
Who Wants A Blind Mate? (The Fae Omegas, #2) (SAMPLE - To Be Published)
When a vampire coven requests for a human sacrifice to live peacefully in the same territory as the small Thurman werewolf pack, the alpha's son Jake has little qualms about suggesting his newly discovered blind mate as a potential human sacrifice after all what alpha or alpha-to-be wants a blind luna?
8 151

